October 19, 2024

ဂါဇာဒေသ အပစ်အခတ်အမြန်ရပ်ဆိုင်းရေးတောင်းဆိုရန် အဆိုပြုချက်နှင့်ပတ်သက်၍ ​ဗြိတိန် လေဘာပါတီအတွင်း စိတ်ဝမ်းကွဲနုတ်ထွက်မှုများပါ ဖြစ်ပွား

၁၆. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဗြိတိန်နိုင်ငံ ပါလီမန်တွင် ဂါဇာဒေသ၌ အပစ်အခတ်အမြန်ရပ်ဆိုင်းရေးတောင်းဆိုရန် အဆိုပြုချက်ကို မဲခွဲရာတွင် ကန့်ကွက်မဲ ၂၉၃ မဲ၊ ထောက်ခံမဲ ၁၂၅ မဲဖြင့် နိုဝင်ဘာ ၁၅ ရက်က ပယ်ချခံခဲ့ရသည်။

စကော့သ် အမျိုးသားပါတီ (SNP) က ဂါဇာဒေသအတွင်းစစ်ပွဲ၌ ပါဝင်နေသူအားလုံး အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဖိအားပေးမှုပေးသွားရန် အစိုးရသို့တောင်းဆို၍ အဆိုပြုခဲ့‌ခြင်းဖြစ်သည်။သို့ရာတွင် အာဏာရ ကွန်ဆာဗေးတစ်အမတ်များနှင့် အဓိက အတိုက်အခံဖြစ်သော လေဘာပါတီခေါင်းဆောင်ပိုင်းက SNP ပါတီ၏ အဆိုပြုချက်ကို မထောက်ခံနိုင်ဟုပြောခဲ့ကြသည်။

မဲခွဲမှု မပြုမီမှာပင် လေဘာပါတီက ၎င်းတို့ပါတီ၏အဆိုပြုချက်တစ်ရပ်ကို တင်သွင်းခဲ့သေးသော်လည်း အမတ်အများစု၏ ဆန့်ကျင်မဲပေးခြင်း ခံခဲ့ရသည်။ လေဘာပါတီက လုံးဝအပစ်အခတ်ရပ်စဲခြင်းက အစ္စရေးနိုင်ငံ၏ မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်ကို ထိခိုက်စေသောကြောင့် လူသားချင်းစာနာမှုအထောက်အပံ့များ ပေးနိုင်ရန်ခေတ္တအပစ်အခတ်ရပ်ဆိုင်းရေးကို ပြင်ဆင်အစားထိုးအဆိုပြုခဲ့ခြင်းဖြစ်သည်။

SNP ပါတီ၏ ဂါဇာဒေသ၌ အပစ်အခတ်အမြန် ရပ်ဆိုင်း ရေးတောင်းဆိုရန်အဆိုပြုချက်ကိုမဲခွဲရာတွင်မူ လေဘာပါတီ၏အမတ်အများအပြားက ၎င်းတို့ခေါင်းဆောင်ပိုင်းကဲ့သို့ မဟုတ်ဘဲ ထောက်ခံမှုပြုခဲ့ကြကြောင်း သိရသည်။လေဘာပါတီ၏ အရေးပါသော အမတ်များအနက် အနည်းဆုံး ၁၉ ဦးက ဂါဇာစစ်ပွဲအပေါ် ၎င်းတို့နှင့် ခေါင်းဆောင်ဖြစ်သူ၊ အတိုက်အခံအစိုးရ Shadow government ဝန်ကြီးလည်းဖြစ်သည့် အင်မရန် ဟတ်စိန် တို့အကြား သဘောထားကွဲလွဲနေကြကြောင်း ပြောခဲ့ကြ သည်။

လေဘာပါတီခေါင်းဆောင်ပိုင်းက ပါတီအမတ်များအား SNP ပါတီ၏အဆို‌ပြုချက်အားမဲခွဲရာ၌ မဲမပေးဘဲနေကြရန် ညွှန်ကြားခဲ့သည်။ ၎င်းက အကယ်၍ ထောက်ခံမဲပေးခဲ့ကြလျှင် ပါတီမှနုတ်ထွက်ခြင်း(သို့မဟုတ်) ထုတ်ပယ်ခံရမည်ဟူသည့်အဓိပ္ပါယ်ပင်ဖြစ်သည်။

သို့ရာတွင် လေဘာပါတီ၏ အတိုက်အခံအစိုးရ Shadow Government ဝန်ကြီးများ အပါအဝင် စုစုပေါင်း အမတ် ၇၀ ခန့် က ၎င်းတို့ခေါင်းဆောင်၏ပြောကြားချက်ကိုဖီဆန်ကာ ဂါဇာဒေသ၌ အပစ်အခတ်အမြန်ရပ်ဆိုင်းရေးတောင်းဆိုခဲ့ကြသည်။ ဒေသအစိုးရအဖွဲ့ဝင် ၅၀ ခန့်ကလည်း ဂါဇာစစ်ပွဲအပေါ် ပါတီခေါင်းဆောင်ပိုင်း၏ရပ်တည်ချက်ကြောင့် ပါတီမှနုတ်ထွက်ခဲ့ကြပြန်သည်။ ထို့ကြောင့်လည်း မဲခွဲ အပြီးတွင်မူ လေဘာပါတီခေါင်းဆောင် ကားစတန်မာက ပါတီဝင်များအနေဖြင့် ပါတီရပ်တည်ချက်ကိုလက်မခံနိုင်ကြ၍ စိတ်ထိခိုက်ရပါကြောင်း၊ ပါတီဝင်များ ဖြစ်စေလိုသည့်ဆန္ဒအတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ကာ တောင်းပန်ခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ၏ ဂါဇာစစ်ပွဲအရေးက ဗြိတိန်ရှိ နိုင်ငံရေးပါတီကြီးအတွင်း၌ပင် ပါတီဝင်များ သဘောထားကွဲ၊ နုတ်ထွက်မှုများဖြစ်ခဲ့ရသည်ကို တွေ့ရပေမည်။

Ref——-AA

Leave a Reply

Your email address will not be published. Required fields are marked *