October 19, 2024

၁၆. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ သမ္မတနှစ်ဦး၏ ဆွေးနွေးပွဲများကို ဆန်ဖရန်စစ္စကိုမြို့တွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရကဲ မွန်းလွဲ ၂ နာရီ၌ စတင်ကျင်းပခဲ့ကြကြောင်းသိရသည်။

သမ္မတနှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲအတွင်း အပြန်အလှန်လိုလားမှုများကို ပြောဆိုသွားခဲ့ကြပြီး နှစ်ဖက်စလုံးကပင် တိုးတက်မှုများရှိသည်ဟု ပြောခဲ့ကြသော်လည်း အစည်း အဝေးအပြီး ညပိုင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်းတစ်ဦးတည်းပြုလုပ်သော သတင်းစာရှင်းပွဲ၌ တရုတ်သမ္မတ ရှီကျင့်ဖိန်အား အာဏာရှင်တစ်ဦးအနေနှင့်ယုံကြည်ပါကြောင်းပြောကြားခဲ့ခြင်းကြောင့် အင်အားကြီးနှစ်နိုင်ငံ အကြား အမှန်တကယ်ကောင်းမွန်သော ဆက်ဆံရေးများ ပြန်လည်ထူထောင်နိုင်ရန်ဆိုခြင်းအပေါ် သံသယဖြစ်ဖွယ်ပင်ဖြစ်ခဲ့ရကြောင်း သိရသည်။

ဂျိုးဘိုင်ဒန်က “ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံအပေါ် ကျွန်တော်တို့နဲ့များစွာကွာခြားတဲ့ အစိုးရအုပ်ချုပ်မှုပုံစံအပေါ် အခြေခံပြီးအာဏာရယူထားခြင်းက ရှီကျင့်ဖိန်အပေါ် အာဏာရှင်အဖြစ် ကျွန်တော်တို့ရှုမြင်ပါတယ်။ ဒါပေမယ့် သူ့ဟာသူ ဘာဖြစ်နေနေ ကျွန်တော်တို့ တိုးတက်မှုတွေတော့ ရခဲ့ပါတယ်” ဟု ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒန်က ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ကယ်လီဖိုနီးယားပြည်နယ်၊ ရွေးကောက်ပွဲရန်ပုံငွေကောက်ခံပွဲတစ်ခု၌ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံ၏မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်တိုက်လေယာဉ်များက ပစ်ချခဲ့ရာတွင် ရှီ၏တုံ့ပြန်မှုများကိုဆွေးနွေးပြောကြားရာတွင်လည်းအလားတူပင် တရုတ်သမ္မတရှီကျင့်ဖိန်အား အာဏာရှင် အဖြစ် ခိုင်းနှိုင်းပြောခဲ့သေးသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိပ်သီးဆွေးနွေးပွဲ၌ အရှေ့အလယ်ပိုင်းအရေးနှင့်ပတ်သက်၍ အဓိကပြောခဲ့ပြီး တရုတ်သမ္မတရှီကနားထောင်နေခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးကပြောခဲ့သည်။ သမ္မတဘိုင်ဒန်က ရှီအား တရုတ်နိုင်ငံ၏ဩဇာပါဝါဖြင့် အီရန်ကိုစစ်ရှိန်မတိုး‌မြှင့်ရေးသတိပေးရန် တိုက်တွန်းခဲ့ပြီး အမေရိကန်အစိုးရအနေနှင့် ဟားမားစ်တို့ကို ပါလက်စတိုင်းပြည်သူများမှသီးခြားရှုမြင်ပါကြောင်းလည်းပြောခဲ့သည်။

သမ္မတရှီကျင့်ဖိန်ကလည်း တိုင်ဝမ်ကျွန်းအရေးက တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတွင် အကြီးမားဆုံးနှင့် အန္တရာယ်အရှိဆုံးကိစ္စဖြစ်၍ စိုးရိမ်မိကြောင်း၊ တရုတ်အစိုးရက ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းနိုင်ရေးကိုလိုလားကြောင်းပြောခဲ့သည်။ ဂျိုးဘိုင်ဒန်က အမေရိကန်အစိုးရ၏ရပ်တည်ချက်က ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းမှုတည်ဆောက်သွားရန်ဟုသာ ယခင်အကြိမ်များကအတိုင်းထပ်လောင်းပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘိုင်ဒန်က ရှီအား ဇန်နဝါရီလတွင် ကျင်းပမည့် တရုတ် တိုင်ပေ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လေးစားမှုရှိရန်လည်းပြောခဲ့သည်။ ယင်းအပြင် သမ္မတဘိုင်ဒန်က တိဘက်ပြည်နယ်၊ ရှင်ကျန့်ဒေသနှင့် ဟောင်ကောင်တို့တွင် လူ့အခွင့်အရေး အလွဲသုံးစားမှုများမြင့်တက်လာနေမှုအတွက် စိုးရိမ်ပါကြောင်းလည်း ပြောခဲ့သည်။ သမ္မတနှစ်ဦးက နှစ်နိုင်ငံ စစ်တပ်များအကြား ဆက်သွယ်ရေးလမ်းကြောင်းများပြန်လည်စတင်ရေးကိုလည်း သဘောတူခဲ့ကြကြောင်းသိရသည်။

သမ္မတရှီကျင့်ဖိန်က တရုတ်နှင့် နှစ်ဖက်အကျိုးတူဆက်ဆံရေးများ တည်ဆောက်နိုင်ရန် မျှော်မှန်းချက် အသစ်တစ်ရပ်ချမှတ်၍ မဏ္ဍိုင်ငါးရပ်ကို အတူတကွတည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံအကြား ရှိ သဘောချင်းမတူညီမှုများကို ထိရောက်စွာ စီမံကိုင်တွယ်ရမည်ဖြစ်ကြောင်း၊ ထိုသဘောချင်းမတူညီမှုများက နှစ်နိုင်ငံဝေးကွာစေမည့် ချောက်များမဟုတ်ကြောင်း၊ ၎င်းတို့အပေါ် တံတားတည်ဆောက်၍ တစ်ဖက်နှင့်တစ်ဖက်သွားလာဆက်သွယ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောခဲ့သည်။

Ref—-CNN, Xinhua

Leave a Reply

Your email address will not be published. Required fields are marked *