October 22, 2024

၁၉. ၁၁. ၂၀၂၂
Written by Thettant

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲအခမ်းအနားကို အမေရိကန်စံတော်ချိန် နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ရုံးအား မြန်မာ Community နှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရုံး မိတ်ဆက်ပွဲကို NUG မှ ဦးမိုးဇော်ဦး၊ ဦးထင်လင်းအောင်နှင့် ဦးကျော်မိုးထွန်းတို့လည်း တက်ရောက်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုရှိ မြန်မာ Community နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြသည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ NUG ထက် ပိုမိုအောင်မြင်ခဲ့သော်လည်း NLD အစိုးရအာဏာရပြီးနောက်ပိုင်း အမေ့ခံဖြစ်သွားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်းဦးဆောင်သော NCGUB (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ) ၏ ကာလတွင်လည်း အစိုးရအဖွဲ့ရုံးခန်းကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး အမေရိကန်ကလည်း NCGUB ကို အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် အရှေ့တီမောကလည်း အသိအမှတ်ပြုခဲ့သည်။ သို့သော် NUG မှာမူ လက်ရှိအချိန်အထိ အစိုးရအဖြစ်အသိအမှတ်ပြုသည့်နိုင်ငံမရှိဘဲ သာမန်ကိုယ်စားလှယ်ရုံးများသာ နိုင်ငံအချို့တွင် ဖွင့်လှစ်ထားနိုင်သည်။ ထို့အပြင် နယူးဇီလန်နိုင်ငံကလည်း လက်မှတ်ငါးသိန်းကျော်ရေးထိုး၍ အစိုးရအဖြစ် အသိအမှတ်ပြုပေးရန် NUG ထောက်ခံသူများ၏ တောင်းဆိုမှုကိုပင် ပယ်ချထားပြီး SAC နှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရန်ကိုသာ ပြန်လည်ကြိုးပမ်းနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *