October 19, 2024

၁၆. ၁၁. ၂၀၂၃
Written by Pan Ei

မကြာသေးမီ ရက်ပိုင်းအတွင်းက နယူးယောက်ကနေ ဘယ်လ်ဂျီယံနိုင်ငံကို ဦးတည်သွားနေခဲ့တဲ့ ဘိုးအင်း ၄၇၄ ကုန်တင်လေယာဉ်တစ်စီးဟာ လေယာဥ်ပေါ်ပါ မြင်းတင်းကုပ်ကနေ မြင်းတစ်ကောင် လွတ်မြောက်သွားလို့ မြေပြင်အထက် ပေပေါင်း ၃၀,၀၀၀ (၉,၁၄၄ မီတာ) မှာ ပျံသန်းနေရာကနေ ပရမ်းပတာဖြစ်ခဲ့ပြီး နယူးယောက်လေဆိပ်ကို ပြန်လှည့်ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အတ္တလန်တာ အိုက်စလန် လေကြောင်းခရီးစဉ်အမှတ် ၄၅၉၂ ကို ပျံသန်းနေခဲ့တဲ့ လေယာဉ်မှူးက လေယာဉ်ကိုလမ်းကြောင်း ထိန်းချုပ်ရာမှာ ကောင်းမွန်ပေမဲ့ တင်းကုပ်ထဲက လွတ်လာတဲ့ မြင်းက စိုးရိမ်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မြင်းကို လုံခြုံအောင် ပြန်မထားနိုင်တာကြောင့် ဂငယ်ကွေ့, ကွေ့ပြီး လေဆိပ်ကို ပြန်လှည့်လာခဲ့တာပါ။

လေယာဉ်ရဲ့ အလေးချိန်ကြောင့် ပြန်လှည့်လာတဲ့လမ်းမှာ အတ္တလန္တိတ်သမုဒ္ဒရာထဲကို လောင်စာတန်ချိန် ၂၀ ကိုလည်း စွန့်ပစ်ခဲ့ရကာ လေယာဉ်မှူးဟာ လေဆိပ်ကိုဆင်းသက်ပြီးနောက်မှာ မြင်းအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးကိုတောင်းဆိုခဲ့ပြီး မြင်းကြောင့် ဒဏ်ရာတွေရရှိခဲ့လားဆိုတာကိုတော့ လေယာဉ်မှူးက အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပါဘူး။

လေယာဉ်ပေါ်မှာ သက်ရှိမြင်းကို ဘာလို့သယ်လာရတယ်ဆိုတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပေမဲ့ ဖြစ်နိုင်တဲ့အကြောင်းအရင်းတစ်ခုကတော့ ပြိုင်မြင်းတွေ သယ်ယူပို့ဆောင်တာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

လေယာဉ်ပျံသန်းနေတုန်း ကုန်တင်သေတ္တာတွေထဲကနေ တိရစ္ဆာန်တွေလွတ်မြောက်ခဲ့ရတာ အခုဖြစ်ရပ်က ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ဒူဘိုင်းကနေ ဘဂ္ဂဒက်မြို့ကို ပျံသန်းနေတဲ့ အီရတ်လေကြောင်းလိုင်းက လေယာဉ်ပေါ်မှာလည်း ဝက်ဝံတစ်ကောင်လွတ်မြောက်ခဲ့တဲ့​ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *