October 19, 2024

အခေါက်ရွှေတုံးများ ဝယ်ယူသူများလာ၍ ပစ္စည်းပြတ်နေဟု ဆို

၁၆. ၁၁. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း သိသိသာသာမြင့်တက်လာခြင်းနှင့် ကမ္ဘာရွှေဈေး အနည်းငယ် ပြန်မြင့်တက်လာမှုတို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃၆ သိန်းခွဲကျော်သို့ ရောက်ရှိလာပြီး ၁၆ ပဲရည်ရွှေအတုံး ဝယ်ယူသူများလာသဖြင့် ပစ္စည်းပြတ်နေကြောင်း ပြည်တွင်းရွှေအရောင်းဆိုင်များမှ သိရသည်။

နိုဝင်ဘာ ၁၃ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃,၃၀၀ သာရှိခဲ့သည့် ပြည်တွင်းငွေလဲလှယ်နှုန်းသည် ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃,၄၉၀ အထိမြင့်တက်လာခဲ့ပြီး သုံးရက်အတွင်း ဒေါ်လာဈေးနှုန်း ကျပ် ၂၀၀ နီးပါးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၁၃ ရက်တွင် တစ်အောင်စကို ၁,၉၃၇ ဒေါ်လာအထိ ကျဆင်းခဲ့ရာမှ ယနေ့တွင် တစ်အောင်စကို ၁၉၅၉ ဒေါ်လာအထိ ပြန်လည်မြင့်တက်ခဲ့သဖြင့် သုံးရက်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ၂၂ ဒေါ်လာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် နိုဝင်ဘာ ၁၄ ရက်တွင် အခေါက် ရွှေတစ်ကျပ်သား ကျပ် ၃၆ သိန်းသို့ စတင်မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက် (ယမန်နေ့) ညနေပိုင်းတွင် ကျပ် ၃,၆၈၅,၀၀၀ (၃၇ သိန်းခန့်)အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ယနေ့ နံနက်တွင် ကျပ် ၃,၆၆၅,၀၀၀ ဖြင့် စတင်ဈေးနှုန်း ဖွင့်လှစ်ခဲ့၍ သုံးရက်အတွင်း ကျပ် ၁၂၀,၀၀၀ ကျော် မြင့်တက်လာခဲ့သည်။

“အခုလောလောဆယ်တော့ အတုံးလေးတွေက Stock ပြတ်နေပါတယ်။ နေ့လယ် ၂ နာရီနောက်ပိုင်းမှသာ အော်ဒါဈေးတင်ပြီးလို့ရှိရင်တော့ ရမယ်” ဟု ပြည်တွင်းရှိ နာမည်ကြီးရွှေဆိုင်တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ နိုဝင်ဘာ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၅၄၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၀၀ ကျပ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၆၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၅၀ ကျပ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ရွှေဈေးနှုန်း ၃,၆၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၂၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *