October 22, 2024

အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးရသည့် ရာအိမ်မှူး ဦးထွန်းမြင့်အေးအား တွေ့ရစဥ်

၁၉. ၁၁. ၂၀၂၂

Written by Min Mahar

မန္တလေးတွင် ယနေ့နံနက်ပိုင်းက ရာအိမ်မှူးတစ်ဦးအား အမည်မသိသေနတ်သမားများပစ်ခတ်မှုကြောင့် သေနတ်ကျည် ၂ ချက်ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အနောက်ရပ်ကွက်၊ ၄၂ (H)လမ်း ၊ ၉၁ (c) လမ်း၊ သိန်းသန်းဝေ ခေါက်ဆွဲဆိုင်ရှေ့တွင် နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁၁ နာရီခန့်က အကွက်အမှတ် (၃၇၄) ၏ ရာအိမ်မှူးဆိုသူ အသက် (၅၇) နှစ်ဝန်းကျင်ခန့်ရှိ ဦးထွန်းမြင့်အေးအား အမည်မသိလူငယ်အရွယ်အမျိုးသား၂ ဦး CZI ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

“ရပ်ကွက်ရုံးကနေ အိမ်ကိုစက်ဘီးစီးပြီး အပြန်လမ်းမှာ ပစ်ခတ်သတ်ဖြတ်ခံရတာ။ ဆိုင်ကယ်တစ်စီးနဲ့ အမည်မသိတဲ့လူငယ် ၂ ယောက်က ဘေးကနေမောင်းပြီး အနီးကပ်သေနတ်နဲ့ပစ်သွားတာပါ။ နေရာမှာပဲ ပွဲချင်းပြီးသေသွားတော့တာပဲ။ ခဏနေကြတော့ တပ်ကရောက်လာပြီး အလောင်းကိုသယ်သွားကြတယ်” ဟု မျက်မြင်တစ်ဦးက MT News သို့ ပြောသည်။

အဆိုပါရာအိမ်မှူးသည် ဧည့်စာရင်းစာအုပ်များ ပို့ဆောင်ပြီး ရပ်ကွက်ရုံးမှ နေအိမ်သို့ စက်ဘီးဖြင့်ပြန်လာစဥ် သေနတ်ဖြင့်ပစ်ခတ်ခံရကာ ဝဲဘက်လက်ပြင် ၁ ချက်၊ ယာလက်ကောက်ဝတ်ကို ၁ ချက်စီ ထိမှန်ကာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသဖြင့် နန်းတွင်းစစ်ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

သက်ဆိုင်ရာအဖွဲ့မှ သေနတ်သမားများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြပြီး ယခုအချိန်ထိ မည်သည့်အဖွဲ့၏ လုပ်ဆောင်ချက်မှန်း မသိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *