October 20, 2024

၁၄. ၁၁. ၂၀၂၃

Written by Nyein Kyaw

KNPP နှင့် PDF များ လွိုင်ကော်တက္ကသိုလ်ကို ပစ်ခတ်တိုက်ခိုက်ပြီး ဖမ်းဆီးသွားသည့် ဆရာ/ဆရာမနှင့် ကျောင်းသား/သားကျောင်းသူများအနက် ၂၇ ယောက်ကိုသာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ပါမောက္ခအပါအဝင် ဆရာ/ဆရာမ ၃ ဦးနှင့် ကလေးငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“မနေ့က ကျွန်တော်ပြောထားတဲ့အတိုင်း တက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်ကို ဆရာ/ဆရာမတွေ ကယ်ထုတ်ဖို့ လုပ်ဆောင်ခဲ့တယ်။ မနေ့က ၂၇ ယောက်လောက် ပြန်လည်လွတ်မြောက်နိုင်ခဲ့တယ်။ တက္ကသိုလ်ဝန်းထဲက ပါမောက္ခချုပ် အိမ်ထဲမှာပိတ်မိနေတဲ့ ဆရာ/ဆရာမ ၃ ယောက် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမ သုံးယောက်နဲ့ ကလေး ၃ ယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is 399841847_637856585187079_291545298160060300_n.jpg

KNPP နှင့် PDF များက လက်ရှိအချိန်အထိ လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ကာ ဖျက်ဆီးမှုများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် ကယားပြည်နယ်တစ်ခုလုံး၏ အရေးကြီးသည့် ပညာရေးကဏ္ဍကို ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။

“အခုအချိန်ထိတော့ တက္ကသိုလ်ဝန်းထဲမှာ ဝင်ပြီးတော့ ဖျက်ဆီးတာတွေ ဆောင်ရွက်နေဆဲပဲဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ လွိုင်ကော်တက္ကသိုလ်ဆိုတာက ကယားပြည်နယ်တစ်ခုလုံးအတွက် ပညာရေးကဏ္ဍမှာ အရေးပါတဲ့နေရာဖြစ်တယ်။ အဲ့ဒီမှာစာသင်ကြားနေတဲ့ ဆရာ/ဆရာမတွေ ပညာသင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူတွေသည် အဓိက,ကတော့ ကယားပြည်နယ်ရဲ့ အနာဂတ်၊ ကယားပြည်နယ်ရဲ့ ပညာရေးပဲဖြစ်တယ်။ ဒီ PDF အမည်ခံအကြမ်းဖက်အဖွဲ့၊ KNPP အကြမ်းဖက်အဖွဲ့ဟာ ကိုယ့်ပြည်နယ်ရဲ့ အနာဂတ်နဲ့ ကိုယ့်ပြည်နယ်ရဲ့ ပညာတတ်များကို ပြန်လည်ဖျက်ဆီးပစ်နေတာပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is 400443189_637856325187105_5205477778551396787_n.jpg

နိုဝင်ဘာ ၁၃ ရက် ယမန်နေ့က KNPP နှင့် PDF အဖွဲ့များက စစ်ရေးနှင့် မသက်ဆိုင်သည့် လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ပြီး ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးဝန်ထမ်းများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်ထုတ်ခဲ့သည့်အပြင် ရန်သူ့အလောင်းနှင့် လက်နက်တော်တော်များများကို ရရှိခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

လွိုင်ကော်တက္ကသိုလ်ကို ယမန်နေ့က PDF များ စီးနင်းချိန် နိုင်ငံ့ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို KNPP နှင့် PDF သတ်ဖြတ်ပြီး အလောင်းကို ခြေနှင့်နင်း ဓာတ်ပုံရိုက်ထားသည့်ပုံ ယနေ့ထွက်ပေါ်လာခဲ့ပြီး ထိုလုပ်ရပ်အပေါ် PDF များ ရှုတ်ချခံနေရသည်။

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်နှင့် Non CDM ဝန်ထမ်းများကို ဖမ်းဆီးထားသော်လည်း ကောင်းမွန်စွာစောင့်ရှောက်ထားသည်ဟု KNDF မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *