၁၅. ၁၁. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းပြည်နယ်အချို့တွင် အလုပ်လုပ်ကာနေထိုင်နေသည့် ဗီယက်နမ်နိုင်ငံသားများ ဘေးကင်းလုံခြုံစေရန်နှင့် ကာကွယ်ပေးနိုင်ရန်အတွက် အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရပြီး ဗီယက်နမ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို မလိုအပ်ဘဲ ခရီးမသွားရန် နိုဝင်ဘာ ၁၄ ရက်နေ့က တိုက်တွန်းတောင်းဆိုလိုက်သည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးအနေဖြင့် သက် ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်များနှင့် စေ့စပ်ဆွေးနွေးနေသလို ဗီယက်နမ်နိုင်ငံသားများ ဘေးကင်းလုံခြုံစေရန်အတွက် မြန်မာအာဏာပိုင်များကို အကူအညီများတောင်းဆိုထားကြောင်း၊ ဗီယက်နမ်နိုင်ငံသားများကို ဘေးအန္တရာယ်ရှိသည့်အရပ်ဒေသမှ ဘေးကင်းစွာဖြင့် ထွက်နိုင်ရန်အတွက် မြန်မာအာဏာပိုင်များထံ အကူအညီတောင်းခံထားကြောင်း ပြောသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ ဗီယက်နမ်နိုင်ငံသားများကို အကူအညီပေးနိုင်ရန်အတွက် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ထံ ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံသားများအနေဖြင့် မလိုအပ်ဘဲ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို ခရီးမသွားစေလိုကြောင်း၊ အဆိုပါပြည်နယ်များသို့ ရောက်ရှိနေသော ဗီယက်နမ်နိုင်ငံသားများအနေဖြင့်လည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းရန် ကြိုးပမ်းရမည်ဖြစ်ရာ အခြားတတိယနိုင်ငံ သို့မဟုတ် ဗီယက်နမ်နိုင်ငံသို့ ပြန်လာသင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံသားများအနေဖြင့် မြန်မာအာဏာပိုင်များနှင့် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံး အသိပေးချက်ထုတ်ပြန်ခြင်းများကို ပုံမှန်စောင့်ကြည့်လေ့လာရမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့အပါအဝင် မြို့အချို့တွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
Ref; vietnamnews