၁၅. ၁၁. ၂၀၂၃
Writing By Treasure
နိုဝင်ဘာ ၁၆ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ဂျပန်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မီတိုမာကတော့ ဒဏ်ရာပြသနာကြောင့် ဂျပန်အသင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဂျပန်အသင်းနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူ မီတိုမာဟာ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ဂျပန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်သလို ဂျပန်အသင်းကနေလည်း နုတ်ထွက်သွားခဲ့ပါတယ်။
မီတိုမာဟာ လက်ရှိကျင်းပနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ဘရိုက်တန်အသင်းနဲ့ အထူးခြေစွမ်းပြနေတာကြောင့် ဥရောပကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူတစ်ယောက်ဖြစ်သလို ဂျပန်အသင်းအတွက်လည်း အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ ဂျပန်လက်ရွေးစင် အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ မနေ့က မနက်ပိုင်းက ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိသွားခဲ့ပြီး အသင်းလေ့ကျင့်ရေး အစီအစဉ်ကို ညပိုင်းမှာ စတင်ပြုလုပ်ခဲ့ပါတယ်။
ဂျပန်နဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ ပွဲစဉ်ကို လာမဲ့ နိုဝင်ဘာ ၁၆ ရက်၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၃၂ မိနစ်မှာ အိုဆာကာမြို့ PANASONIC STADIUM SUITA (OSAKA) မှာ ကျင်းပသွားမှာဖြစ်ပါတယ်။