၁၅. ၁၁. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် SUZUKI ကား တစ်စီး မီးလောင်ခဲ့ပြီး ၅ မိနစ်အတွင်း မီးငြှိမ်းနိုင်ခဲ့သော်လည်း ကားတစ်စီးလုံး မီးလောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် (ယနေ့) နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းလမ်းဆုံတွင် SUZUKI Carry 660 CC ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး ထွက်ခွာပြီး မီးငြှိမ်းသတ်ခဲ့၍ ၁၁ နာရီ ၅၅ မိနစ် (ငါးမိနစ်အတွင်း) မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့် ကားမီးလောင်ခဲ့ခြင်းကို မသိရှိရသေးကြောင်းနှင့် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“မီးလောင်တာက ဒီမနက်လောင်တာ။ ဘယ်လိုဖြစ်လဲဆိုတာကိုတော့ ပြောလို့မရသေးဘူး။ သန်လျင်မြို့နယ်မှူးက သတင်းမပို့သေးဘူး” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။