၁၅. ၁၁. ၂၀၂၃
Written by Pan Ei
ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မိသားစုအကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ The Crown ရဲ့ နောက်ဆုံး Season ဖြစ်တဲ့ Season-6 ကို Netflix ကနေ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ အပိုင်း ၂ ပိုင်းခွဲပြီးပြသသွားမှာပါ။
၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူးထုတ်လွှင့်နေတဲ့ အဲဒီ စီးရီးမှာ Season-6 ခု ပါဝင်ပြီး မနှစ်ကပြသခဲ့တဲ့ Season-5 ရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက ၁၉၉၀ ပြည့်လွန်နှစ်ကာလတွေအတွင်းက ဗြိတိန်တော်ဝင်မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဖြစ်ကာ Season-6 ကတော့ Season-5 နောက်ပိုင်းက အကြောင်းအရာတွေကို အဆုံးသတ်အနေနဲ့ တင်ဆက်ပြသသွားမှာပဲဖြစ်ပြီး ဘုရင်မင်းမြတ်ရဲ့ အရှုပ်အထွေးဆုံးအချိန်တချို့အကြောင်းတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီစီးရီးမှာ ဗြိတိန်ဘုရင်စနစ်ကို တုန်လှုပ်သွားစေခဲ့တဲ့ အဖြစ်အပျက်ဖြစ်တဲ့ ၁၉၉၇ ခုနှစ်မှာ မင်းသမီး ဒိုင်ယာနာ ကွယ်လွန်သွားတဲ့ ဖြစ်ရပ်အကြောင်း ထင်ရှားစွာ ပါရှိမှာဖြစ်ပြီး ဝေဖန်ခံရနိုင်မှုတွေကို ကာကွယ်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းကတော့ Netflix ဟာ ဒီဇာတ်လမ်းတွဲမှာ စိတ်ကူးယဉ်လက်ရာတွေလည်း ပါဝင်တယ်လို့ သတိပေးချက်တစ်ခု ထည့်သွင်းခဲ့ပါတယ်။
The Crown စီးရီးရဲ့ ဆဋ္ဌမမြောက်နဲ့ နောက်ဆုံး Season ဖြစ်မယ့် Season-6 မှာ အပိုင်း ၁၀ ပိုင်းပါဝင်မှာဖြစ်ပြီး ပထမ ၅ ပိုင်းကို မနက်ဖြန် (နိုဝင်ဘာ ၁၆ ရက်) နဲ့ ကျန်အပိုင်းတွေကို ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
Ref; CNA