၁၉. ၁၁. ၂၀၂၂
Written by Thi Ha
ခရီးသွားလုပ်ငန်းကို အဓိကအမှီသဟဲပြုကာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ပုဂံဒေသတွင် လက်ရှိအချိန်၌ ပြန်လည်ရုန်းထနိုင်ရန် အားယူနေကြသော်လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု MT News ၏ မေးမြန်းမှုကို ဒေသခံ အများစုက ပြန်လည်ဖြေဆိုကြသည်။
မြန်မာနိုင်ငံ၏ ခရီးသွားရာသီချိန်သည် စက်တင်ဘာလလယ်မှ စတင်ကာ မေလကုန်ပိုင်းအထိ ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိချိန်သည် ၂၀၂၀ ခုနှစ်အစပိုင်းတွင်ဖြစ်သည့်အတွက် အရှိန်ကောင်းနေသည့် ခရီးသွားလုပ်ငန်းများမှာ ရုတ်ချည်း ရပ်တန့်ပစ်လိုက်ရသည့် အခြေအနေလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ရာသီချိန်ကိုမှီခိုပြီး ရောင်းချရန် ထုတ်လုပ်ထားသည့် လက်မှုပစ္စည်း လက်ဆောင်စျေးကွက်၊ ဒေသစာလက်ဆောင် ရောင်းချသည့်စျေးကွက်နှင့် လာရောက်လည်ပတ်သူတို့ကို ဆွဲဆောင်ကာ အဓိက လုပ်ကိုင်ဆောင်ရွက်ရသည့် ရိုးရာ လက်ပန်းချီ ရေးဆွဲပေးသည့်သူများ၊ ယဥ်ကျေးမှုဓလေ့များကိုလည်း ဖော်ပြရင်း ဝင်ငွေအခွင့်အလမ်းရှာဖွေကြသည့် ဒေသခံများ၏ အလှသနပ်ခါးလိမ်းခြယ်သည့် အလုပ်အကိုင်များ စသည်ဖြင့် လူနှင့် တွဲလျက် ရင်းနှီးဖော်ဆောင်ရသော လုပ်ငန်းများ အထိနာတော့သည်။
ထို့နောက်တွင် ၂၀၂၁ ခုနှစ်တွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုများကိုပါ ကပ်ရောဂါ နှင့်အတူ ထပ်ဆင့်ခံစားကြရသည့် ဒေသခံများသည်၊ အတတ်ပညာရှင် အသိပညာရှင်ဆိုသည့် ဂုဏ်ရည်ကိုလည်း မငဲ့နိုင်ဖြစ်ခဲ့ရကာ လှူဒါန်းသူများ လာပါက ထွက်ယူရသည့်အထိ ဖြစ်ခဲ့သည်ဟု လက်မှုပညာရှင် ဦးထွန်းလွင်မှ သူတို့၏ လုပ်ငန်းစုလေးတွင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်များကို “ဒီနှစ်လည်း နိုဝင်ဘာလအထိ ရောက်လာပေမယ့် ခရီးသွားလုပ်ငန်းက ပြန်ပြီး ဖြစ်မလာသေးဘူး။ အရင်နှစ်တွေထက်စာရင်တော့ စားဖြစ်ရုံလောက်တော့ ပြန်ထနိုင်ပါပြီ။ အရင့်အရင်နှစ်ကဆို ကျွန်တော်တို့မှာ အလှူရှင်လာရင် ကိုယ်တိုင်ထွက်ယူရတဲ့အထိပဲ။ တပည့် သားသမီးများကလည်း လူငယ်ဆိုတော့ ရှက်ကြတာလည်းရှိတာပေါ့။ သူတို့ကိုလည်း နားလည်သနားရတော့ ဘယ်သူမှတော့ ဒါမျိုး မလိုချင် မယူချင်ဘူးပေါ့။ ဒါပေမယ့် ဒီဒေသက စိုက်ပျိုးဖြစ်ထွန်းတဲ့ လုပ်ငန်းတွေလည်း မရှိဘူး။ အဓိက,က ပုဂံဘုရားတွေကိုမှီပြီး ခေတ်အဆက်ဆက် ယဥ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းကို လက်ဆောင်အနေနဲ့ ဧည့်သည်ကို ပြစား ရောင်းစားရတဲ့ ဒေသ။ ခရီးသွားဧည့်သည်မလာတော့ အတော်ကျပ်တည်းကုန်ကြတာ။ လှူတဲ့ သူကလည်း စနစ်တကျမဟုတ်ဘဲ တစ်အိမ်တစ်ယောက် ထွက်ယူပေးပါ ဆိုတယ်။ မထွက်ကြပြန်ရင်လည်း အလှူရှင်ကလာတာတောင် ဒီကလူတွေက ရိုင်းတယ်ဖြစ်မယ်။ အဲဒီတော့ ထွက်ကြရတယ်။ တကယ်လည်း လိုအပ်ပါတယ်။ ဒါပေမယ့် အလှူခံရဲ့ လူ့ဂုဏ်သိက္ခာလေးကိုလည်း အလှူရှင်ကြီးတွေ ငဲ့ညာစေချင်ကြတာပါ။ ကျွန်တော်တို့ဒေသ အဲဒီလောက်ထိ အခြေအနေဆိုးခဲ့ပါတယ်” ဟု သူ့ခံစားချက်ကို MT News သို့ ပြောသည်။
ယခင်က ကျောင်းပိတ်ရက်နှင့်တိုက်ဆိုင်သည့် အချိန်များတွင်သာ ကျောင်းသား ကျောင်းသူ လူငယ်များ စားဝတ်နေရေးအတွက် ဝင်ငွေအခွင့်အလမ်းဖန်တီးရှာဖွေသည့် သနပ်ခါးလိမ်းခြယ်သည့် အလုပ် ၊ လက်ပန်းချီဆွဲသည့်အလုပ်၊ ခရီးသွားဧည့်သည်များကို ဘုရားသမိုင်းကြောင်းရှင်းပြသည့် အလုပ်များကို ယခုအခါ ချက်ချင်းငွေပေါ်သည့် စားဝတ်နေရေး ဖြေရှင်းသည့် လုပ်ငန်းအဖြစ် အခြားလုပ်ငန်းခွင်မှ သူများကပါ ဝင်ရောက်လုပ်ကိုင်နေကြရသည်ဟု သိရသည်။
ယခင်က ယွန်းပန်းချီရေးဆွဲသည့် အလုပ်ကို လုပ်ကိုင်သည့် မငြိမ်းငြိမ်းက “ယွန်းကောလိပ်ကနေ သင်တန်းဆင်းထားတာပါ။ အခု ယွန်းထည်ဆိုင်တွေလည်း ပိတ်ကြတာများတယ်။ မပိတ်တဲ့ဆိုင်ကြတော့လည်း ရောင်းစရာပဲရှိတယ်။ ပစ္စည်းမထုတ်နိုင်သေးဘူး။ စားဝတ်နေရေးအတွက် လက်ပန်းချီရေးဖြစ်တာပါ၊ ဒါပေမယ့် ခရီးသွားကနည်းတော့ ခေါ်နိုင်မှ ရေးရတာ။ ကိုယ့်လိုသူ့လိုတွေကလည်း ဒီမှာက အများသားဖြစ်နေပြီ”ဟု ဆိုသည်။
ယခင်က လက်ပန်းချီခြယ်ရာတွင် လက်တစ်ဖက်လျှင် ၂၅၀၀ ကျပ်ကျသင့်ပြီး၊ နှစ်ဖက်စလုံးခြယ်မည်ဆိုပါက ၄၀၀၀ ကျပ်နှင့် ရေးခြယ်ပေးခဲ့ကြသော်လည်း ယခုအခါတွင် လက်တစ်ဖက် တစ်ထောင်ကျပ်နှင့် အလုပ်ဖြစ်အောင် ရေးနေကြရသည်ဟု သူမက ဆက်လက် ပြောပြသည်။
စားသောက်ဖွယ်ရာ ရောင်းချသည့် လုပ်ငန်းများလည်း ထိခိုက်ကြသည်သာ ဖြစ်သည်။ ယခင်က ဆိုင်ကြီးဖြင့် ဟိတ်ဟန်နှင့်ရောင်းချသည့်ဆိုင်များကို ပိတ်ကာ ၊ လမ်းဘေးဆိုင်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားကြသည်။ ဆိုင်အတွင်း ခရီးသွားမဝင်သဖြင့် ၊ အများစု ထိုင်ကြသည့် ပုံစံအတိုင်း ဖွင့်လှစ်ရောင်းချကြခြင်းလည်း ဖြစ်သည်။
ပုဂံဒေသသို့ လာရောက်လည်ပတ်သူအများစုကလည်း မဖြစ်မနေ လုပ်ရသည်များကိုသာ ရွေးချယ် လုပ်ဆောင်လည်ပတ်ကြပြီး လက်ဆောင်ဝယ်ခြင်း ၊ ရိုးရာအထိမ်းအမှတ်များကို ငွေကြေးကုန်ကျခံ လုပ်ဆောင် ခြယ်သခြင်းများကိုတော့ ယခုနောက်ပိုင်းတွင် လျှော့ချလာကြသည့်အတွက် ပုဂံဒေသခံများအနေနှင့် ပုဂံမြို ယခင်ကလို ပြန်လည်စည်ကားလာရန်အတွက်မှာ မျှော်လင့်ချက်မဲ့နေသည်ဟု MT News မှ တစ်ဆင့် သူတို့ ခံစားချက်များကို ပြောကြသည်။