၁၅. ၁၁. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်က မြန်မာနိုင်ငံဘက်ကမ်းမှာ ရောက်ရှိသောင်တင်နေတဲ့ ထိုင်းနိုင်ငံသားအလုပ်သမား ၄၁ ဦးကို ပထမအသုတ်အဖြစ် ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်အတွင်းရှိ နယ်စပ်ဖြတ်ကျော်စစ်ဆေးရေးဂိတ်ကနေ နိုဝင်ဘာ ၁၆ ရက် (သို့မဟုတ်) နိုဝင်ဘာ ၁၇ ရက်မှာ ပြန်လည်သယ်ဆောင်ခေါ် ယူမယ်လို့ နိုဝင်ဘာ ၁၄ ရက်က ကြေညာချက် ထုတ်ခဲ့ပါတယ်။
အဆိုပါအလုပ်သမားတွေကို ထိုင်းဘုရင့် ကြည်းတပ်၊ ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်ရေးကော်မတီနဲ့ ဝ တိုင်းရင်းသားတပ်တွေ ပူးပေါင်းညှိနှိုင်းပြီး တိုက်ပွဲများဖြစ်ပွားနေရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအတွင်းရှိ လောက်ကိုင်မြို့မှ ပြန်လည်သယ်ဆောင်ရမှာဖြစ်ပါတယ်။
ကိုးကန့်ဒေသက မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ်မှာတည်ရှိပြီး ထိုဒေသအတွင်း မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်လို့ခေါ်တဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေအကြား အောက်တိုဘာလကစလို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ လောက်ကိုင်မှာရှိတဲ့ တရုတ်အွန်လိုင်း လိမ်လည်မှု ဂိုဏ်းတစ်ဂိုဏ်းရဲ့လိမ်လည်ခေါ်ယူမှုအောက်မှာ သွားရောက်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော်ဟာ တိုက်ပွဲများအတွင်း သောင်တင်ပိတ်မိနေကြတယ်လို့ သိရပါတယ်။
ထိုင်းဘုရင့်ကြည်းတပ်ဟာ ဝ စစ်တပ်ဆီကတစ်ဆင့် ထိုင်းအလုပ်သမားတွေကို လောက်ကိုင်ကနေ နမ့်တန် နဲ့ အဲဒီကတစ်ဆင့် ကျိုင်းတုံကို သယ်ဆောင်ပေးမှာဖြစ်ပြီး မြန်မာ့တပ်မတော်ရဲ့ ကြီးကြပ်မှုအောက်မှာ သူတို့ကို နယ်စပ်ဂိတ်သို့ ခေါ်ဆောင်ကာ ထိုင်းဘုရင့်ကြည်းတပ်က သူတို့ကို အမိမြေက နေအိမ်တွေဆီကို ပြန်လည်ပို့ဆောင်ဖို့ လေအေးပေးစက်ကားတွေနဲ့ စောင့်ဆိုင်းနေမှာဖြစ်ပါတယ်။ နမ့်တန်ကနေ မယ်ဆိုင် စစ်ဆေးရေးဂိတ်အထိက ၃ ရက်ကနေ ၅ ရက် ကြာနိုင်တယ်လို့ သိရပါတယ်။
သူတို့ကို နယ်စပ်ဂိတ်ရောက်တာနဲ့ ဆေးစစ်ဆေးမှုတွေပြုလုပ်ကာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်းဘုရင့်ကြည်းတပ်မတော်က နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အတူ ဆက်စပ်အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင် ကျန်ရှိနေသေးတဲ့ ထိုင်းအလုပ်သမားတွေကို အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။
Ref——Nation Thailand