October 19, 2024

၁၃.၁၁.၂၀၂၃

Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးမတည်ငြိမ်မှုအတွင်း အဓိက အတိုက်အခံဖြစ်သော ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ(BNP) နှင့် ၎င်းနှင့်ဝါဒတူ နိုင်ငံရေးပါတီများ၏ ပိတ်ဆို့ဆန္ဒပြပွဲကို နိုဝင်ဘာ ၁၃ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့ကြရာ နိုင်ငံအနှံ့ ကားခြောက်စီးမီးရှို့ခံခဲ့ရကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့နှင့်မြို့ပြကာကွယ်ရေးအရာရှိ မိုဟာမက်အလီက မီးရှို့ခံခဲ့ရသည့်ကားများတွင် ဘတ်စ်ကားလေးစီး၊ လော်ရီတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ပါဝင်ကြောင်းအတည်ပြုခဲ့သည်။

ဒက္ကာမြို့တွင် နံနက် ၁ နာရီ ၅ မိနစ်၌ပင် ဘာလာကာ ပါရီဘာဟန် လမ်းပေါ်၌ လော်ရီတစ်စီးစတင်မီးရှို့ခံခဲ့ရသည်။ နံနက် ၂ နာရီ ၄၀ ခန့်တွင် ဘတ်စ်ကားတစ်စီး ဆာရဒါဘက် ဂျာနာပတ်လမ်းဆုံ၌မီးရှို့ခံခဲ့ရသည်။ ထို့နောက် နံနက် ၉ နာရီ ၆ မိနစ်တွင် လူရမ်းကားတစ်စုကဘတ်စ်ကားတစ်စီးကို အဗ္ဗဒူလာပူ ပိုလ် ဝဲလ်ဈေး၌ မီးရှို့ခဲ့ကြပြန်သည်။ အခြားကားသုံးစီးကိုလည်း နံနက် ၂ နာရီ ၄၂ မိနစ်ခန့်နှင့် နံနက် ၅ နာရီကျော်အချိန်များက မီးရှို့ခဲ့ခြင်းဟု သိရသည်။

သို့သော် ထိုကားမီးရှို့မှုများတွင် လူထိခိုက်မှုတစ်စုံ တစ်ရာမရှိခဲ့ဟု သိရသည်။ BNP ပါတီက ၎င်း၏ ၄၈ နာရီကြာပိတ်ဆို့မှုဆန္ဒပြပွဲကို နိုဝင်ဘာလ ၁၂ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာလ ၁၄ ရက် နံနက် ၆ နာရီအထိကျင်းပနေခြင်းဖြစ်သည်။၎င်းက လက်ရှိ အဝါမီပါတီအစိုးရ ပြုတ်ကျရန်နှင့် ဇန်နဝါရီလတွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲကို ကြားဖြတ်အစိုးရတစ်ရပ်က ဦးစီးကျင်းပနိုင်ရန်အတွက်တောင်းဆိုကာ နိုင်ငံအနှံ့ဆန္ဒပြပွဲများပြုလုပ်နေခြင်းဖြစ်သည်။

ပိတ်ဆို့ဆန္ဒပြပွဲများကြောင့် နိုင်ငံအနှံ့ တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများနှင့် ကားပေါင်းများစွာ မီးရှို့ခံရမှုများ ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိသည်။

Ref- Daily Star Bangladesh

Leave a Reply

Your email address will not be published. Required fields are marked *