October 19, 2024

၁၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ အနည်းဆုံးလူသုံးဦးခန့်က သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မြေးဖြစ်သူ နာအိုမီ ဘိုင်ဒန်ရဲ့ အိမ်အပြင်ဘက်မှာရပ်ထားတဲ့ အစိုးရကားတစ်စီးအတွင်း ဝင်ရောက်ဖို့ ကြိုးပမ်းရာမှာ စုံထောက်တစ်ဦးက မသမာသူတွေကို ပစ်ခတ်မှု ပြုခဲ့ရပြီးနောက်မှာ‌တော့ မြို့တော် ရဲတပ်ဖွဲ့နဲ့လျှို့ဝှက်စုံစမ်းထောက်လှမ်းရေး ယအဖွဲ့တို့ဟာ အခုအခါ စုံစမ်းထောက်လှမ်းမှုတွေပြုနေတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ကြေညာချက်မှာမည်သူမည်ဝါကို ကာကွယ်စောင့်ရှောက်ပေးခဲ့ရတယ်ဆိုတာ ဖော်ပြမထားခဲ့ပေမယ့် သတင်းတွေအရ ဒီဖြစ်ရပ်က ဝါရှင်တန်မြို့၊ ဂျော့တောင်းရပ်အနီးရှိ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အကြီးဆုံးမြေးဖြစ်တဲ့ အသက် ၂၉ နှစ်ရှိ နာအိုမီ ဘိုင်ဒန်ရဲ့ အိမ်အပြင်မှာ ရပ်ထားတဲ့ အသုံးပြုခြင်းမရှိတဲ့ အစိုးရကားတစ်စီးအတွင်း ပြတင်းပေါက်ကို ခွဲပြီး ဝင်ရောက်ဖို့ ကြိုးစားနေပုံရတဲ့ လူသုံးယောက်ကို လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ စုံထောက်တွေက တွေ့ခဲ့ကြတာလို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ အန်တိုနီ ဂတ်လီလ်မီက ပြောခဲ့ပါတယ်။ အဖြစ်အပျက်က နိုဝင်ဘာ ၁၂ ရက် ညသန်းခေါင်အချိန်မတိုင်မီလေးမှာ ဖြစ်ခဲ့တာပါ။

ဒီလိုတွေ့အပြီးမှာ စုံထောက်တစ်ဦးက ပစ်ခတ်မှုပြုခဲ့ပေမယ့် တစ်စုံတစ်ဦးကိုမှတော့ ထိမှန်ပုံမရဘူးလို့ သိရပါတယ်။ အဲဒီလူတွေက ချက်ချင်းပဲ အနီရောင်ကားတစ်စီးနဲ့ထွက်ပြေးသွားခဲ့ကြပြီး လိုက်လံစုံစမ်းလျက် ရှိတယ်လို့ဆိုပါတယ်။

ဂတ်လီလ်မီက ဒီဖြစ်ရပ်ဟာ ဘယ်သူကိုတိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ခဲ့ပြီး ဘယ်သူကို အကာအကွယ်ပေးနေရတယ်လို့တော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်ရပ်ကို မြို့တော်ရဲတပ်ဖွဲ့နဲ့ လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဆိုပါအိမ်မှာနေတဲ့ အသက် ၂၉ နှစ်ရှိရှေ့နေတစ်ဦးဖြစ်တဲ့ နာအိုမီ ဘိုင်ဒန်က သမ္မတ ဂျိုးဘိုင်ဒန်ရဲ့သား ဟန်တာ ဘိုင်ဒန်နဲ့ ဇနီးဟောင်း ကတ်တလင်းဘူလီတို့ရဲ့ သမီးဖြစ်ပြီး သူမရဲ့လက်ထပ်ပွဲကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက အိမ်ဖြူတော်မှာကျင်းပခဲ့တာပါ။ ဒီအဖြစ်အပျက်က မကြာမီကပဲ ရှေ့နေတွေအပေါ်တိုက်ခိုက်မှုတွေနဲ့ခြိမ်းခြောက်မှုတွေ ဖြစ်နေတဲ့အချိန်မှာ ဖြစ်ခဲ့တာမို့ နာအိုမီဘိုင်ဒန်အတွက် သတိထားစရာ ဖြစ်ခဲ့ရပါတယ်။

Ref——UPI, BBC

Leave a Reply

Your email address will not be published. Required fields are marked *