October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by Pan Ei

ကလေးတွေနဲ့ အမျိုးသမီးတွေအတွက် တည်ထောင်ထားတဲ့ ထိုင်းနိုင်ငံက ပဗီနာဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ဖို့ လိမ်လည်ခံခဲ့ရတဲ့ ထိုင်းအမျိုးသမီးသုံးဦးကို ကယ်တင်ခဲ့တယ်လို့ မနေ့ (နိုဝင်ဘာ ၁၃ ရက်) က Channel 3 ရဲ့ အင်တာဗျူးတစ်ခုကနေ သိရပါတယ်။

သူတို့သုံးယောက်ထဲက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ပြီးခဲ့တဲ့ မေလက TikTok က ခရီးသွားအေဂျင်စီတစ်ခုမှာ အားလပ်ရက်ခရီးအတွက် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကို ခရီးသွားလာရေး ပက်ကေ့ချ်တစ်ခုကို တွေ့ရှိခဲ့ပြီး သုံးရက်ခရီးအတွက် ဘတ် ၈၀၀၀ သာကျသင့်ပြီး ပက်ကေ့ချ်က စျေးပေါတာကြောင့် သူမက ကြိုတင်စာရင်းသွင်းခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက် သူမ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာတော့ သူမရဲ့ အလုပ်ရှင်က ခရီးသွားအေဂျင်စီကနေ ယွမ် ၂၅၀၀၀ (ဘတ် ၁၂၄,၈၀၀) နဲ့ ဝယ်ယူခဲ့တယ်လို့ သူမ သိခဲ့ရပြီး မိုင်းပေါက်မြို့က ကေတီဗီတစ်ခုမှာ တရုတ်လိုရေးထားတဲ့ အလုပ်အကိုင်စာရွက်စာတမ်းကို လက်မှတ်ထိုးခိုင်းပြီး လိင်ပိုင်းဆိုင်ရာရောင်းချဖို့ စေခိုင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်ပိုင်ရှင်ပြောတာကို မနာခံသူတိုင်းလည်း ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

ကေတီဗီမှာ တခြား ထိုင်းအမျိုးသမီးနှစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူတို့ကလည်း ကျိုင်းတုံမြို့ ခရီးသွားကြော်ငြာကတစ်ဆင့် မိုင်းပေါက်မြို့မှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံခဲ့ရတာပါ။

ရောင်းစားခံရသူရဲ့ မိန်းကလေးရဲ့ ဆွေမျိုးတွေက ဖောင်ဒေးရှင်းကို ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့ရာ မစ္စပဗီနာက ထိုင်းကောင်စစ်ဝန်နဲ့ မြန်မာရဲတပ်ဖွဲ့တို့နဲ့ပူးပေါင်းကာ အမျိုးသမီးတွေကို ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

သူမတို့ ကေတီဗီကနေ ထွက်ပြေးခဲ့ပြီး မြန်မာရဲတွေနဲ့ တွေ့ရာမှာတော့ သူတို့ရဲ့ ဖြစ်စဉ်တွေကို ရဲတွေက မယုံဘဲ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းကို ဝင်ရောက်ခဲ့တယ်လို့ဆိုကာ ထိုင်းကို ပြန်ပို့ဖို့ တရားရုံးက ဆုံးဖြတ်ပြီးချိန်အထိ သူတို့ကို ဘတ် ၄၀၀၀ ဒဏ်ကြေးနဲ့ ထောင်ဒဏ် လေးလ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီ နောက်မှာမှ ပဗီနာဖောင်ဒေးရှင်းက ထိုင်းနဲ့ မြန်မာနယ်စပ် တာချီလိတ်မြို့ကနေ သူတို့ကို ခေါ်ယူခဲ့ပြီး ဇာတိပြည်နယ်များကို ပြန်လည်ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖောင်ဒေးရှင်းကို တည်ထောင်သူက လူကုန်ကူးခံရသူတွေကို ကယ်ဆယ်ရာမှာ အခက်အခဲတွေကို ရှင်းပြခဲ့ပြီး မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အခက်ခဲဆုံးပဲလို့ ပြောခဲ့ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *