October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by Ye Kyaw

မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်စခန်းများ ပိတ်ထားရသည့်အတွက် အထူးဒေသ (၄) မိုင်းလားသို့ ဖြတ်ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်နေသော ပို့ကုန်၊ သွင်းကုန်များကို နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ကုန်စည်စည်းကြပ်ခွန် ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အခွန်ဦးစီးဌာနမှ နိုဝင်ဘာ ၁၂ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

လုပ်ငန်းရှင်များနှင့် ကုန်သည်များအား အထက်၏ ညွှန်ကြားချက်အရ အခွန်ဦးစီးဌာန အထူးဒေသ (၄) မိုင်းလား- တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားသည့် ကုန်စည်များကို အောက်ပါအတိုင်း အခွန်ယာယီလျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်မှတစ်ဆင့် မိမိတို့ဒေသကို ဖြတ်သန်း၍ ပြည်တွင်းသို့ တင်သွင်းမည့် ကုန်စည်ခွန်များကို ထက်ဝက်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းမှတစ်ဆင့် မိမိတို့ဒေသကိုဖြတ်သန်း၍ တရုတ်နိုင်ငံ တာလော့စစ်ဆေးရေးဂိတ်သို့ တင်ပို့မည့် ကုန်စည်ခွန်များကို ထက်ဝက်လျော့ပေါ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အသိပေးကြေညာချက်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင် အကျုံးဝင်မည်ဖြစ်ပြီး ပြောင်းလဲမှုရှိပါက ထပ်မံအသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အခွန်ကောက်သည့်စနစ်ကို လွယ်ကူမြန်ဆန်စေရန်ဆောင်ရွက်ပေး၍ လုပ်ငန်းများထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါအသိပေးချက် ထုတ်ပြန်ပြီးသည့်နေ့မှစ၍ မိမိတို့ဌာနအနေဖြင့် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အထက်ဖော်ပြပါ ကုန်စည်စည်းကြပ်ခွန် ယာယီလျှော့ပေါ့ခြင်းဆိုင်ရာ သတ်မှတ်ချက်ကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထက်ပါ သတ်မှတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းစွာ သိရှိလိုပါက အခွန်ဦးစီးဌာနသို့ လာရောက် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့ကို အောက်တိုဘာ ၂၇ ရက်မှစ၍ ပိတ်ထားခဲ့ခြင်းကြောင့် လက်ရှိတွင် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းအချို့သည် မန္တလေးမှ ရှမ်းမြောက်- ကျိုင်းတုံ- မိုင်းလားလမ်းကြောင်းမှ တင်ပို့ကာ မိုင်းလားတစ်ဖက်ကမ်းကို တရုတ်ကားချိန်းပြီး ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *