October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by Nyein Kyaw

နိုဝင်ဘာ ၁၁ ရက်မှ စတင်ပြီး ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ယာဉ် ၃၀၀ ဝန်းကျင်ဖြင့် ဖြည့်ဆည်းပေးနေသဖြင့် နိုဝင်ဘာ ၁၃ ရက် (ယမန်)နေ့မှ စတင်ပြီး စက်သုံးဆီများ ပုံမှန်ဝယ်ယူနိုင်ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့တွင် နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် အသိပေးကြေညာထားသည်။

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်အနက် အချို့ဆိုင်များ၌ နိုဝင်ဘာ ၁၀ ရက်တွင် ဓာတ်ဆီ 92 Ron သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal သုံးခုမှ အရောင်းဆိုင်များအားလုံးသို့ ဖြန့်ဖြူး‌ပေးရာတွင် ဖြန့်ဖြူးနိုင်မှု စွမ်းအားအရ အလျင်မမှီခဲ့ခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ ညတွင်းချင်းပင် Urgent စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြည့်ဆည်းပေးခဲ့ရာ ရန်ကုန်မြို့ပေါ်ရှိ ဆီအရောင်းဆိုင် ၁၄၆ ဆိုင်သို့ နိုဝင်ဘာလ ၁၁ ရက်တွင် ဆီတင်ယာဉ် ၃၃၄ စီးဖြင့် 92 Ron ဂါလန် ၄၀၀,၀၀၀ ကျော်၊ 95 Ron ဂါလန် ၁၀၀,၀၀၀ ကျော်၊ ဒီဇယ်ဆီ ဂါလန် ၁၇၀,၀၀၀ ကျော်နှင့် ပရီမီယံဒီဇယ်ဆီ ဂါလန် ၂၇၀,၀၀၀ ကျော်ကိုလည်းကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်တွင် ဆီတင်ယာဉ် ၂၆၈ စီးဖြင့် 92 Ron ဂါလန် ၃၀၀,၀၀၀ ကျော်၊ 95 Ron ဂါလန် ၇၅,၀၀၀ ကျော်၊ ဒီဇယ်ဆီ ဂါလန် ၁၄၀,၀၀၀ ကျော်နှင့် ပရီမီယံဒီဇယ်ဆီ ဂါလန် ၂၃၀,၀၀၀ ကျော်ဖြင့်လည်းကောင်း ဖြည့်တင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

“နိုဝင်ဘာ ၁၃ ရက်စပြီးတော့ အရောင်းဆိုင်အားလုံးမှာ စက်သုံးဆီတွေ လာရောက်ဝယ်ယူမှု အခြေအနေတွေဟာ အရင်ကလိုပဲ ပုံမှန်အခြေအနေအတိုင်းဖြစ်ကြောင်းနဲ့ လိုအပ်တယ်ဆိုလို့ရှိရင်တော့ စက်သုံးဆီတွေကို လိုအပ်သလို အချိန်မီဖြည့်ဆည်းပေးသွားမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ လိုအပ်တဲ့ စက်သုံးဆီတွေကို လိုအပ်သလို ဝယ်ယူနိုင်ပြီဖြစ်ပါတယ်” ဟု ယနေ့တွင် နိုင်ငံပိုင်သတင်းဌာနမှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၄ ရက် (ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းဆိုင်တချို့၌ စက်သုံးဆီဖြည့်ရန် ကားများတန်းစီနေရသေးခြင်းဖြစ်သော်လည်း ယခင်ပိတ်ထားသည့် ဆီဆိုင်အချို့မှာ ပြန်လည်ဖွင့်လှစ်ရောင်းချလာမှုကို တွေ့ရသည်။

“အခုထိတော့ အဆင်ပြေတယ်လို့တော့ မဟုတ်သေးဘူး။ တန်းစီရတာကြာတာတော့ ရှိတယ်။ အရင်လို နှစ်သောင်းဖိုးထဲတော့ မဟုတ်တော့ဘူး။ လိုသလောက်တော့ ထည့်လို့ရပြီ။ တန်းစီရတာတော့ ရှိသေးတယ်” ဟု တာမွေမြို့နယ်ရှိ ဆီဆိုင်တွင် တန်းစီနေသူတစ်ဦးက ပြောသည်။

ထို့ပြင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း ဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော ၁၅ စီးရှိကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *