October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ခြောက်လအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၈၆၃,၃၆၆ ဒသမ ၅၀ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၁၅ ဒသမ ၀၁ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ၅၇,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့၍ ဝင်‌ငွေဒေါ်လာ ၈၂ ဒသမ ၆၉ သန်း ပိုမိုရရှိခဲ့ကြောင်း မြန်မာ့လယ်ယာကဏ္ဍပို့ကုန်၊ သွင်းကုန်နှင့် ရေထွက်ပစ္စည်း တင်ပို့မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

ယခုကဲ့သို့ ပြည်ပပဲမျိုးစုံတင်ပို့မှု မြင့်တက်ခဲ့ခြင်းသည် အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူသည့် မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုမြင့်တက်ခဲ့၍ ဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယင်းအနက် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ခြင်းဖြစ်ကာ ပဲတီစိမ်းကို ဥရောပနိုင်ငံများနှင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ မတ်ပဲတန်ချိန် ၃၈၁,၇၆၈ ဒသမ ၇၆ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၃၇ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် တန်ချိန် ၁၃၄,၀၀၀ ကျော်ပိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁၂၇ သန်းခန့် ပိုမိုရရှိခဲ့သည်။ ကာလတူနှိုင်းယှဉ်ချက်အရ ရာခိုင်နှုန်း ၅၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

ထို့အတူ ပဲစင်းငုံတန်ချိန် ၁၀၇,၄၂၄ တန်ကျော်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၉၄ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ထက် တန်ချိန် ၄၅,၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၄၅ သန်းကျော် ပိုမိုရရှိခဲ့သည်။ ကာလတူနှိုင်းယှဉ်ချက်အရ ရာခိုင်နှုန်း ၇၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

ဥရောပနှင့် တရုတ်ဈေးကွက်သို့ အဓိကတင်ပို့နေသည့် ပဲတီစိမ်းသည် တန်ချိန် ၂၃၉,၁၉၁ ဒသမ ၄ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၆၁ သန်းကျော်သာရရှိခဲ့ပြီး ယခင်နှစ်ထက် တန်ချိန် ၈၉,၉၀၀ တန်ကျော် လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၉၁ သန်းကျော်လျော့ကျခဲ့သည်။ ကာလတူနှိုင်းယှဉ်ချက်အရ ၂၇ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယအစိုးရက လွတ်လပ်စွာ တင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့သည့် အတွက် ယခုနှစ် ပဲစိုက်ရာသီတွင် ပြည်တွင်းရှိတောင်သူများ မတ်ပဲနှင့် ပဲစဥ်းငုံ အဓိကစိုက်ပျိုးရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။ ယခု ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းအထိ တင်ပိုနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း ခန့်မှန်းလျာထားသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၄၇ နိုင်ငံသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၉ သန်းအထိ တင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၁ ဒသမ ၄၇ ဘီလျံအထိ ရရှိခဲ့ပြီး ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပိုခဲ့ကာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *