October 19, 2024

၁၄. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ပါလက်စတိုင်းစစ်သွေးကြွလက်နက်ကိုင်အုပ်စုဖြစ်တဲ့ ဟားမားစ်အုပ်စုက အစ္စရေးအနေနဲ့ ငါးရက်ကြာ အပစ်အခတ်ရပ်ဆိုင်းရေးကို သဘောတူခဲ့မယ်ဆိုရင် ဟားမားစ်တို့ဘက်ကဖမ်းဆီးထားသူဓားစာခံတွေထဲက အမျိုးသမီးနဲ့ ကလေး ၇၀ ကို ပြန်လည်လွှတ်ပေးဖို့ အသင့်ရှိပါကြောင်း နိုဝင်ဘာ ၁၃ ရက်က ကာတာဆွေးနွေးညှိနှိုင်းရေးကြားခံပုဂ္ဂိုလ်တွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဟားမားစ် ပြောရေးဆိုခွင့်ရှိသူ အယ်လ်ကတ်ဆမ်တပ်မဟာမှ အဘူအူဘေးဒါးက “ပြီးခဲ့တဲ့အပတ်ထဲမှာ ဖမ်းဆီးထားတဲ့ရန်သူတွေကိုလွှတ်ပေးရင် အစ္စရေးတို့ဖမ်းထားတဲ့ ပါလက်စတိုင်း ကလေး ၂၀၀ ဦးနဲ့ အမျိုးသမီး ၇၅ ဦးကို အစ္စရေးတို့ကပြန်လွှတ်ဖို့ ကာတာ ဆွေးနွေးညှိနှိုင်းရေး ပုဂ္ဂိုလ်တွေက ကြိုးစားခဲ့ကြသေးတယ်” ဟု ပြောခဲ့သည်။

၎င်းက အပစ်အခတ်ရပ်စဲမှုမှာ နှစ်ဖက်စလုံးက တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းထားရေး ပါဝင်သင့်ပြီး ဂါဇာဒေသတစ်ဝန်းမှာ အထောက်အပံ့နဲ့ လူသားချင်းစာနာမှု ကယ်ဆယ်ရေးတွေကို ခွင့်ပြုသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အဘူအူဘေးဒါးက အစ္စရေးတို့အနေနဲ့ သဘောတူညီမှုရရှိရေး အချိန်ဆွဲ ရှောင်ရှားနေတယ်လို့လဲ စွပ်စွဲခဲ့ပါတယ်။

ဟားမားစ်တို့က အောက်တိုဘာ ၇ ရက်မှာ အစ္စရေးနိုင်ငံအတွင်း ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ ပြည်သူ ၁,၂၀၀ ခန့်သေဆုံးခဲ့ရပြီး နိုင်ငံခြားသားများအပါအဝင် လူ ၂၄၀ ကိုလည်း ဓားစာခံတွေအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။

ဒီ့နောက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်ထိုးစစ်တွေကြောင့် ဂါဇာဒေသမှာ သေဆုံးသူအရေအတွက် က နိုဝင်ဘာ ၁၃ ရက်မှာ ၁၁,၂၄၀ ဦးထိရှိလာပြီး သေဆုံးသူတွေမှာ ကလေး ၄,၆၃၀ နဲ့ အမျိုးသမီး ၃,၁၃၀ ပါဝင်တယ်လို့သိရပါတယ်။

Ref——Reuters

Leave a Reply

Your email address will not be published. Required fields are marked *