October 19, 2024

၁၄. ၁၁. ၂၀၂၃
Written By Thandar

လာမယ့် ဒီဇင်ဘာ ၁ ရက် ည ၇ နာရီမှာ ကွတ်ခိုင်မြို့မှာ ရှေ့တန်းရောက် စစ်သည်တွေအတွက် နာမည်ကြီး အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေမယ့် “စိတ်ဓာတ်ခွန်အားသစ်လောင်းပွဲ” ကျင်းပမယ်ဆိုတဲ့ ပိုစတာက အတုသာဖြစ်နေတယ်လို့ သိရပါတယ်။

“ဘယ်ကထွက်တဲ့ ပိုစတာလဲ ကျွန်တော် မသိဘူး။ ရုပ်ရှင်အစည်းအရုံးနဲ့ ကာယကံရှင်များအနေဖြင့် လုံးဝမသိပါကြောင်း။ ဟာသအဖြစ် ထုတ်တာဆိုရင်လည်း သိပ်မရီရကြောင်း ဖြေဆိုအပ်ပါတယ်”လို့ အကယ်ဒမီ ခန့်စည်သူက MTNews Entertainment ကို ပြောပါတယ်။

ဒီပွဲကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတိုက ပူးပေါင်းစီစဉ်တာလို့လည်း ပိုစတာကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးက ပူးပေါင်းလုပ်ဆောင်တယ်ဆိုရင်တော့ အတိအလင်း ကြေညာမှာ ပါ။ ခုက ဘယ်သူတင်လိုက်တဲ့ ပိုစတာလဲဆိုတာကို မသိပါဘူး။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ဘာမှကို မသိပါဘူး”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူက MTNews Entertainment ကို ပြောပါတယ်။

အဆိုပါ ဂီတဖျော်ဖြေပွဲစဉ် (၁) အနေနဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ စိုးမြတ်နန္ဒာ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ခန့်စည်သူ၊ မိုးအောင်ရင်၊ ဟိန်းဝေယံ၊ စိုးသူ၊ မြင့်မြတ်၊ အ ကယ်ဒမီ ရဲအောင်၊ အောင်ရဲလင်း၊ လုလင်ပျို၊ ဒိန်းဒေါင်၊ ကြာစိ၊ ကျင်ဝှက်၊ ငြိမ်းချမ်း၊ လမင်းကဗျာ၊ အေမီဈာန်၊ စိုးပြည့်သဇင်၊ နေဆန်း၊ ဖူးပွင့်သခင်၊ ခင်ဝင့်ဝါ၊ ဘေဘီမောင်၊ လီလီကျော်ခိုင်နဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲလုပ်မယ်ဆိုတဲ့ ပိုစတာအတုနဲ့ အနုပညာရှင်တွေကို ပရိသတ်အထင်အမြင်လွဲအောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

“အဲဒီကိစ္စ ဘာမှကို မသိဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှ မသိပါဘူး။ ပွဲဆူအောင် သပ်သပ် လျှောက်ထည့်နေတာပါ”လို့ တေးသံရှင် လုလင်ပျိုက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *