October 19, 2024

၁၄. ၁၁. ၂၀၂၃
Written by KL

ထိုင်းနိုင်ငံ နိခုမ်ဖတ်ထနာမြို့၊ ဖနာနိခုံကျေးရွာ အုပ်စု (၅) ရှိ နာမည်ကြီး ပုဂ္ဂလိကစက်မှုဇုန်တွင် အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးမြန်မာအလုပ်သမား ၁၈၀ ဦးမှာ လုပ်ခလစာမရသည်မှာ ၂ လခန့်ကြာမြင့်နေပြီး စားဝတ် နေရေးခက်ခဲနေ၍ ပီလောပီနံဥတူးစားကာ အသက်ဆက်နေရကြောင်း သိရသည်။

မြန်မာအလုပ်သမား ၁၈၀ ခန့်မှာ လုပ်ခလစာမရသည်မှာ ၂ လခန့်ကြာမြင့်နေသည့်အပြင် အလုပ်ရှင်ကပါ စွန့်ပစ်ထားသဖြင့် စားဝတ်နေရေးနှင့် နေထိုင်ရေးတို့တွင် အခက်အခဲ ဖြစ်နေကြရသည်။

This image has an empty alt attribute; its file name is photo_2023-11-14_09-54-18-1024x565.jpg

အဆိုပါ အလုပ်သမားများမှာ ပီလောပီနံဥများ တူးဖော်စားသောက်နေရခြင်း၊ လမ်းတွင်ပေါက်နေသော ကန်စွန်းရွက်များကို ခူးယူစားသောက်နေရသည့်ကိုမြင်တွေ့ နေသည့် ထိုင်းလူမျိုးရွာခံများက တတ်နိုင်သမျှကူညီပေးနေကြပြီး မြန်မာအလုပ်သမားများ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို တာဝန်ရှိသူများအနေဖြင့် အချိန်မီလာရောက်ကူညီပေးစေလိုကြောင်း ကျိုချိုသတင်းက ဖော်ပြထားသည်။

အဆိုပါဆောက်လုပ်ရေးအလုပ်သမားများက ရရန်ရှိသော လုပ်အားခကို ပေးရန်​ အလုပ်ရှင်အား တောင်းဆိုရာ အလုပ်ရှင်က နေထိုင်ရာတန်းလျားမှ မောင်းထုတ်မည်။ တောမော (လဝက) နှင့်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်း ကြုံနေရကြောင်း သိရှိရသည်။

This image has an empty alt attribute; its file name is photo_2023-11-14_09-54-23-1024x566.jpg

သို့သော် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဒုက္ခရောက်နေသော မြန်မာလုပ်သား ၁၈၀ ကို ရယောင်ထိုင်းအလုပ်သမားရေးရာဌာနများနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့အပါဝင် ထိုင်းလူမှုအဖွဲ့စည်းများက လာရောက်ကာကူညီဆောင်ရွက်​ပေးခဲ့ကြသည်။

မြန်မာအလုပ်သမားများမှာ အထောက်အထား ပြည့်စုံမှန်ကန်မှုရှိကြောင်း၊ မြန်မာအလုပ်သမားအယောက် ၁၈၀ အတွက် ထိုင်းအလုပ်ရှင်ဘက်က ထိုင်းငွေဘတ် ၃ သန်းပေးရမည်ဖြစ်ပြီး လုပ်အားခများကို ပေးရန်အတွက် အလုပ်ရှင်နှင့် ဆက်လက်ညှိနှိုင်းလျက်ရှိကြောင်း ခရိုင်အလုပ်အကိုင်ဦးစီးဌာနမှ နိုင်စွန်ထယာ ကလစီက​ ထောက်ခံပြောကြားသည်။

This image has an empty alt attribute; its file name is photo_2023-11-14_09-54-31.jpg

မြန်မာအလုပ်သမားများအတွက် အရေးပေါ် လိုအပ်ချက်များကို ရယောင်ခရိုင် လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေးဌာနက ထမင်းနှင့် ဆန်ရိက္ခာခြောက်များကို ကူညီပေးခဲ့ပြီး နိခုမ်ဖတ်ထနာမြို့ရှိ တာဝန်ရှိသူများက အလုပ်သမားများ​ နေထိုင်သောနေရာများသည် ကျန်မားရေးနှင့်ညီညွှတ်မှု မရှိသဖြင့် ပြည်သူ့ကျန်းမာရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ယခင်က သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် မြေနေရာငှားပေးသည့် မြေပိုင်ရှင်ကို ပြည်သူ့ကျန်းမာရေးဥပဒေဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းဌာန Thai PBS က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *