October 19, 2024

၁၃ . ၁၁ . ၂၀၂၃
Written by Phyo Wei

လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်နိုင်ငံသားတွေ ခရီးမသွားဖို့ တရုတ်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်တဲ့ ဒီရက်သတ္တပတ်မှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ အားကိုမှီပြီး NUG ကလည်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ဆင်နွှဲလာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ကိုးကန့်ရဲ့ အချမ်းသာဆုံး မိသားစုလေးခုထဲက မြီမိသားစုဝင်လေးဦးကို ကျားဖျန်အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်နွှယ်တယ်ဆိုပြီး တရုတ်က ဖမ်း၀ရမ်းထုတ်တာ၊ ရုရှားနဲ့ မြန်မာရေတပ်အကြား ပထမဆုံး ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို အက်ဒမန်ပင်လယ်မှာ နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်မယ်ဆိုတဲ့ သတင်းဖြစ်စဉ်တွေ ရှိနေပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ သိမ်းထားတဲ့မြို့တွေက ပုဂ္ဂလိကဘဏ်တွေရဲ့ငွေကို NUG ကိုင်တွယ်နေတယ်ဆိုတာ၊ လက်နက်ကိုင်တိုက်ပွဲတွေက တရုတ်ပိုက်လိုင်းအပေါ် သက်ရောက်မှု မရှိဘူးလို့ တရုတ်ပြောလာတာနဲ့ နယ်စပ်သောင်းကျန်းသူတွေအရေး စွမ်းစွမ်းတမံမဆောင်ရွက်ရင် တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားမယ်လို့ ယာယီသမ္မတပြောကြားလာတာတွေကို သုံးသပ်တင်ပြချင်ပါတယ်။

သိမ်းထားတဲ့မြို့တွေက ပုဂ္ဂလိကဘဏ်တွေရဲ့ငွေ NUG ဖောက်ယူ ကိုင်တွယ်နေမှု

မြောက်ပိုင်းသုံးဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ လိုက်ပါ အကောင် အထည်ဖော်နေပြီး ကောလင်းအပါအဝင် မြိုငယ်တချို့ သိမ်းယူထားတယ်လို့ ကြေညာထားတဲ့ NUG က သူတို့ သိမ်းယူထားတဲ့မြို့တွေရဲ့ ဘဏ်တွေက ငွေတွေကို ကိုင်တွယ်နေပြီး အခြေအနေတည်ငြိမ်မှ ပြန်ပေးမယ်လို့ NUG ကြားကာလ ဗဟိုဘဏ်က ဒီနေ့ကြေညာပါတယ်။

NUG ထုတ်ပြန်ရာမှာ သိမ်းပိုက်ရရှိတဲ့နယ်မြေအတွင်းက ပုဂ္ဂလိကဘဏ်တွေရဲ့ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက်ရှိငွေသား၊ စာရင်းမှတ်တမ်းတွေ၊ စာချုပ်စာတမ်းတွေ၊ ပေါင်နှံစာရွက်စာတမ်းတွေ၊ ဘဏ်ထဲမှာရှိတဲ့ စက်ပစ္စည်းကိရိယာတွေ၊ ရုံးသုံး Software Hardware တွေနဲ့စပ်လျဉ်းတဲ့ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး အခြေအနေတည်ငြိမ်တာနဲ့ ထိန်းသိမ်းပြုစုထားတဲ့ စာရင်း၊ ဇယား၊ မှတ်တမ်းတွေနဲ့အညီ ပြည်သူ့အပ်နှံငွေကို ပြည်သူ့ထံပြန်လည်ရရှိစေဖို့ စီမံဆောင်ရွက်သွားမယ်လို ထုတ်ပြန်ထားတာပါ။

လက်ရှိအချိန်မှာ NUG ဟာ ပုဂ္ဂလိကဘဏ်တွေကို ဖွင့်ဖောက်ပြီး ငွေတွေသိမ်းယူ၊ စာရင်းတွေ ရယူနေတယ်လို့ သူတို့ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက ပြောဆိုမှုတွေအရ သိရပေမဲ့လည်း ပုဂ္ဂလိကဘဏ်ဘယ်နှစ်ခုကို ဖောက်ယူပြီး ငွေတွေကိုင်တွယ်နေတာနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။ ဒါ့အပြင် ပုဂ္ဂလိကဘဏ်တွေဘက်ကလည်း ဘယ်မြို့က ဘယ်ဘဏ်ခွဲကို NUG နဲ့ PDF တွေ ထိန်းချုပ်ပြီး ငွေတွေ၊ ဘဏ်စာရင်းတွေ၊ ပိုင်ဆိုင်မှုတွေကို ရယူထားတယ်ဆိုတာ အတည်ပြုထုတ်ပြန်မှုမရှိသေးပါဘူး။ တကယ်ဆိုရင် ပြည်သူ့ငွေတွေ အပ်နှံထားတဲ့ ပုဂ္ဂလိကဘဏ်တွေဟာ အခိုင်အမာ တံခါးတွေ ငွေတိုက်ခန်းတွေနဲ့ ထားတာဖြစ်လို့ NUG နဲ့ PDF တွေအဖို့ ဘဏ်ဖောက်ပြီး ငွေယူတဲ့လုပ်ရပ်က မလုပ်အပ်သလို တစ်ချိန်မှာ ပြန်ပေးမယ်ဆိုပေမဲ့ အဲဒီတစ်ချိန်က ဘယ်အချိန်ဖြစ်မလဲ။ ဒီလိုမျိုး ဘဏ်တွေဖောက်ပြီး ငွေတွေယူ၊ ပစ္စည်းတွေသိမ်းလုပ်တာက ဓားပြတိုက်လုယက်မှုပုံစံဖြစ်နေလို့ တော်လှန်ရေးအမည်ခံလက်နက်ကိုင်တွေက ဒီလို ဘဏ်တွေဖောက် ပစ္စည်းတွေသိမ်း အခြေအနေတည်ငြိမ်မှ ပြန်ပေးမယ်ဆိုတာ လုပ်အပ်ရဲ့လား မေးခွန်းထုတ်စရာပါ။

လက်နက်ကိုင်တိုက်ပွဲတွေက မသက်ရောက်တဲ့ တရုတ်ပိုက်လိုင်း

“မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲများဖြစ်ပွားခဲ့ပေမယ့် အဲဒီတိုက်ပွဲတွေဟာ တရုတ်နဲ့ မြန်မာနိုင်ငံကြား ချိတ်ဆက်ထားတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို သက်ရောက်မှုမရှိပါဘူး။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက ပြောလာပါတယ်။

ဒီနေရာမှာ အံ့ဩစရာတစ်ခုက အခု လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG၊ PDF တွေဟာ နိုင်ငံပိုင်လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ လျှပ်စစ်တာဝါတိုင်တွေ၊ တယ်လီကွန်းတာဝါတိုင်တွေ စတဲ့ အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံပိုင်ပစ္စည်း ထောင်ချီကို တော်လှန်ရေးကာလ အလုံးစုံပျက်သုဉ်းရေး မူအရ မီးရှို့တာ၊ မိုင်းခွဲတာ၊ ဗုံးထောင်ဖျက်ဆီးတာတွေ လုပ်နေတာပါ။ ဒါ့အပြင်လည်း သူတို့ကိုယ်တိုင်က တရုတ်လုပ်ငန်းတွေကို အမြင်မကြည်တာကြောင့် တရုတ်လုပ်ငန်းတွေကိုလည်း တိုက်ခိုက်ဖျက်ဆီးမှုလုပ်နေတာပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံကို တိုက်ရိုက်ထိခိုက်မဲ့ ဗဟိုအစိုးရဖိအားက တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ချက်ခြင်းလာနိုင်မဲ့ တရုတ်ပိုက်လိုင်းကိုတော့ လက်ဖျားနဲ့တောင် မထိရဲကြတာ အံ့ဩစရာဖြစ်သလို ဒီပိုက်လိုင်းကို မထိခိုက်၊ မတိုက်ခိုက်ဖို့ ဘာအပေးအယူတွေ သဘောတူညီချက်တွေ ရှိနေခဲ့လဲဆိုတာတောင် တွေးဆစရာပါပဲ။

စွမ်းစွမ်းတမံဆောင်ရွက်ဖို့လိုနေတဲ့ တိုင်းပြည်ကွဲထွက်သွားနိုင်တဲ့အရေး

လက်ရှိဖြစ်ပွားနေတဲ့ နယ်စပ်ဒေသ သောင်းကျန်းသူတွေအရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့ အခုလို စွမ်းစွမ်းတမံ မဆောင်ရွက်ရင် တိုင်းပြည် အစိတ်စိတ် အမြွှာမြွှာကွဲသွားနိုင်တဲ့အတွက် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားဖိုလိုအပ်တယ်လို့လည်း ယာယီသမ္မတ ဦးမြင့်ဆွေက သတိပေး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုတိုင်းပြည် အရေးကြီးတဲ့ကာလမှာ တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးဖို လိုအပ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ အသက်စွန့် တာဝန်ထမ်းဆောင် ကာကွယ်နိုင်ခဲ့တဲ့အတွက် အခုအချိန်မှာ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေတာဖြစ်တယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကို အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ မထိခိုက်စေရေးအတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၈ ရက်မှာ ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း နိုဝင်ဘာ ၁၃ ရက်အထိတော့ ရှမ်းမြောက်ဒေသ၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နဲ့ ရခိုင်ဘက်အထိပါ မြို့သိမ်းတိုက်ပွဲတွေ စစ်ရေးဖော်ဆောင်မှုတွေကို NUG နဲ့ မြောက်ပိုင်းသုံးဖွဲ့က ဆက်တိုက်လုပ်ဆောင်နေတာတွေ့ရပြီး နှစ်ဖက်တိုက်ပွဲမှာပြည်သူတွေ အထိနာတာ၊ မြို့တွေပျက်၊ ဘဏ်တွေဖောက်၊ လုပ်ငန်းတွေရပ်၊ ကုန်စျေးနှုန်းတွေတက်တာကလွဲရင် ထူးခြားတဲ့တိုးတက်မှုမျိုးမမြင်ရသေးသလို လက်နက်ကိုင်တွေဘက်က တစ်ဆင့်ပြီး တစ်ဆင့်တက်လာတဲ့အပြင် သူတို့ဟာ လူထုထောက်ခံမှုရှာတာ၊ အကြောက်တရားနဲ့ ဖိနှိပ်ပြီး သူတို့ဘက်ရပ်တည်အောင်လုပ်တာ၊ သူတို့မရပ်တည်ရင် သူလျှို၊ ဒလန်ဆိုပြီး သတ်ဖြတ်တာ၊ စစ်ရေးအရ အလစ်အငိုက် တိုက်ခိုက်တာ၊ သံတမန်လှုပ်ရှားမှုအဖြစ်လည်း နိုင်ငံတကာနဲ့ပေါင်းပြီး ဖိအားပေးတာ၊ မီဒီယာကို အသုံးပြုပြီး နိုင်နေပြီဆိုတဲ့ ဝါဒဖြန့်ချိမှု စဉ်ဆက်မပြတ်လှုပ်ရှားတာ စတဲ့ ကဏ္ဍခြောက်
ရပ်နဲ့ ဟန်ချက်ညီညီလှုပ်ရှားနေတာဖြစ်လို့ ဒီဖြစ်စဉ်တိုင်းကို ထိထိရောက်ရောက် ကိုင်တွယ်တုံ့ပြန်နိုင်ဖို့ လိုအပ်နေပါပြီလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *