၁၂. ၁၁. ၂၀၂၃
Written by Nay Moe
အွန်လိုင်းလိမ်လည်မှုခေါင်းဆောင်ဆိုပြီး ကိုးကန့်ထိပ်တန်းလုပ်ငန်းရှင် မိသားစုဝင် ၄ ဦးကို တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်လိုက်ပြီး ဒီလူလေးဦးကို သတင်းပေးမယ်ဆို တစ်ဦးအတွက် ယွမ်တစ်သိန်းကနေ ငါးသိန်းအကြား ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်ဒေသက အချမ်းသာဆုံး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် မိသားစုတွေထဲက မြီမိသားစုဝင် ၄ ဦးကို အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ခေါင်းဆောင်တွေဆိုပြီး ဖမ်းဝရမ်းထုတ်ပြန်လိုက်ရာမှာ ပါဝင်ခဲ့သူတွေက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုးကန့်ဒေသ လောက်ကိုင်လွှတ်တော်အမတ်ဟောင်း (ဦး)မြီရှောင်ချန်း၊ သူ့ရဲ့ သားတော်စပ်တဲ့ မြီကော့်ဖျင်၊ သမီး မြီကျူးလန့်နဲ့ မြေး မြီကြိမ်းကြိမ်းတို့ ဖြစ်တယ်လို့ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကလည်း တရုတ်နိုင်ငံ၊ ကူမင်းမြို့နဲ့ ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က အရင် ၄၆၈ တပ်မဟာမှူး၊ ဝခေါင်းဆောင် ပေါက်ယူချန်းရဲ့တူလို့ ဆိုကြတဲ့ ဝပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း ခေါ် ပေါက်ယန်ပန် ခေါ် ချန်ယန်ပန် နဲ့ ဝခေါင်းဆောင်ပေါက်ယူချန်း သမက်ဟောင်းလို့ ဆိုတဲ့ UWSA ဝနယ်၊ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် ခေါ် အိုက်ဟော် ခေါ် ဟော်ချွင်ထင်တို့ကို ဖမ်းမိအောင် သတင်းပေးသူကို တစ်ဦးစီသတင်းပေးတိုင်း တရုတ်ယွမ် တစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ တရုတ်ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနကတစ်ဆင့် ဖမ်းဝရမ်း ထုတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် အောက်တိုဘာလဆန်းပိုင်းမှာပဲ အွန်လိုင်းလိမ်လည်မှုနဲ့သက်ဆိုင်တဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်က ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ ဖူလီလိုက်လုပ်ငန်းရှင်သူဌေးလည်း ပါဝင်ခဲ့ပါသေးတယ်။