၁၂ . ၁၁. ၂၀၂၃
Written by Nay Aung
မလေးရှားနိုင်ငံ ကန်ပန်မီရန်တိုအရပ်ဒေသရှိ ရာဘာတောထဲတွင် မြန်မာနိုင်ငံသားတစ်ဦး ကျားကိုက်ခံရကာ သေဆုံးသွားခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ကထုတ်ဖော်ပြောဆိုလိုက်သည်။
မလေးရှားနိုင်ငံ ဂွါမူဆန်မြို့ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဆစ်ချွန်းဖူက အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားသည် ဇနီးဖြစ်သူနှင့်အတူ နိုဝင်ဘာ ၁၁ ရက်နေ့က ရာဘာတောထဲတွင် အလုပ်လုပ်နေခဲ့ရာ ကျားတစ်ကောင်ဝင်ရောက်ကိုက်သွားခဲ့ကြောင်း၊ ကျားကိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား အာကာစိုး ဆိုသူသည် လည်ပင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး သွေးထွက်လွန်ကာသေဆုံးသွားခဲ့ခြင်းမျိုးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကျားကိုက်ခံရပြီးနောက် အာကာစိုးကို အခြားမြန်မာနိုင်ငံသားလေးဦးနှင့်ဇနီးဖြစ်သူတို့က ဆေးရုံတင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း သွေးထွက်လွန်သည့် အတွက် သေဆုံးခဲ့ရကြောင်း ဆစ်ချွန်းဖူက ပြောသည်။
၎င်းက ” ဆေးရုံကိုရောက်ရှိချိန်မှာ အရေးပေါ်ကုသခဲ့ပေမယ့် မြန်မာနိုင်ငံသားဟာ ကျားကိုက်ခံရမှုဒဏ်ရာကြောင့် သေဆုံးခဲ့ရတယ်။ ကျားရဲ့တိုက်ခိုက်မှုခံရတာကြောင့် မြန်မာနိုင်ငံသားဟာ ဦးခေါင်းမှာလည်းပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး သေဆုံးခဲ့တယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်။ ဒီအမှုကို ရုတ်တရက်သေဆုံးမှုအဖြစ် သတ်မှတ်ဖို့ စဉ်းစားဆုံးဖြတ်သွားမယ် “ဟု ပြောသည်။
အဆိုပါကျားကိုက်ခံရမှုသည် ကန်ပန်မီရန်တိုအရပ်ဒေသရှိ ရာဘာတောထဲတွင် နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် ကျားကိုက်ခံရမှုဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ကန်ပန်မီရန်တိုအရပ်ဒေသရှိ ရာဘာတောထဲတွင် ကျားကိုက်ခံရကာသေဆုံးခဲ့ရသော အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း၊ ကျားကိုက်ခံရမှုကြောင့် သေဆုံးသွားသော အင်ဒိုနီးရှားနိုင်ငံသား၏ ခြေထောက်နှင့်အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို တောထဲတွင်ပြန်လည်တွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။
Ref; malaymail.