ရှမ်းမြောက်ရှိ နယ်စပ်ကုန်သွယ်ရေးမှအပ ကျန်စီးပွားလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက်နေဟု ဆို
၁၂. ၁၁. ၂၀၂၃
စက်သုံးဆီနှင့်ပက်သတ်ပြီး သတင်းအမှားများထုတ်လွှင့်မှုကို ပြည်သူများ မယုံကြည်ကြရန်နှင့် ပြည်တွင်း၌ မည်သည့်စက်သုံးဆီအတွက် မဆို တစ်လစာအရန်ရှိကြောင်း၊ ဝယ်ယူနိုင်ရေးအတွက်ကိုလည်း ဒေါ်လာများ ပုံမှန် ထုတ်ရောင်းပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
စက်သုံးဆီနှင့်ပတ်သက်ပြီး ပြည်တွင်း၌ စိုရိမ်စိတ်များနှင့် မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် ပြည်ပရောက်မီဒီယာအချို့က ဆီရောင်းချသည့်ခွဲတမ်း လျှော့ချလိုက်ခြင်းနှင့် ဆီဝယ်ယူရန် အတွက် အစိုးရက ဒေါ်လာထုတ်မရောင်းပေးတော့ခြင်း စသည့် အဓိကနှစ်ချက်ဖြင့် ကောလာဟလ သတင်းအမှားများ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“စက်သုံးဆီနဲ့ပတ်သက်ပြီး ပြည်တွင်းတွင်းမှာလည်း ကောလာဟလ ထုတ်လွှင့်တာရှိပါတယ်။ အချိန်ကိုက်ပဲ ပြည်ပက ပြည်ဖျက်မီဒီယာတွေက ကောလာဟလ ထုတ်လွှင့်တာရှိတယ်။ အဓိက အခြေခံအကြောင်းနှစ်ခုပေါ်မှာ ကောလာဟလ ထုတ်လွှင့်တာပဲဖြစ်ပါတယ်။ နံပါတ်တစ်ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ ခွဲတမ်းတွေ လျှော့ချတယ်ဆိုပြီး ထုတ်လွှင့်တာရှိတယ်။ နံပါတ်နှစ်ကတော့ ဆီအလုံအလောက်မရှိဘူး။ ဆီဝယ်ယူဖို့အတွက် အစိုးရကနေ ဒေါ်လာ ချမပေးဘူးဆိုတာကို ထုတ်လွှင့်နေတာရှိတယ်။ ပြီးရင် စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ ပြန်မဖြည့်နိုင်တော့ဘူးဆိုတာတွေပဲ ဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာက နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့တဲ့အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီပေါ့။ စက်သုံးဆီ၊ စားသုံးဆီနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ဆီခွဲတမ်းနဲ့ ပတ်သက်ပြီး ယခင်တိုင်းပဲဖြစ်တယ်။ စိစစ်တာတစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲ ဖြစ်တယ်။ လျှော့ပြီး လုပ်ပေးတာမရှိဘူး။ နံပါတ် ၂ ကတော့ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလန် ၁၃ သန်းကျော်ရှိပြီး ဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလန်သန်း ၃၀ ကျော်ရှပြီဖြစ်တယ်။ ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော ၁၅ စင်းနီးပါးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို ပြည်တွင်းမှာ တစ်လ မည်သည့်စက်သုံးဆီ အမျိုးအစားမဆို တစ်လစာအရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိတယ်။ ဒါ့ပြင် စက်သုံးဆီနဲ့ ပတ်သက်လာလို့ရှိရင် နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထား ဆောင်ရွက်ပေးနေတာဖြစ်လို့။ အရင်တိုင်းပဲ ဒေါ်လာရောင်းချပေးနေတာတွေ ဆောင်ရွက်လျက်ရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြည်ပမီဒီယာများနှင့် ပြည်ပရောက် မီဒီယာများက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးများနှင့် ပတ်သတ်ပြီး ဘက်ပေါင်းစုံမှ သတင်းအမှားများ ထုတ်လွှင့်ပြီး ဆောင်ရွက်နေမှုများရှိသော်လည်း လက်ရှိအချိန်တွင် ရှမ်းမြောက်ဒေသတိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးအချို့ ရပ်ဆိုင်းနေခြင်းမှအပ အခြားသော လုပ်ငန်းများ ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ပြည်သူလူထုအနေနဲ့ တစ်ခုသတိထားသင့်တာတော့ ဒီအချိန်မှာ အချိန်ကိုက် ဘက်ပေါင်းစုံနေပြီးတော့ကျ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ကာကွယ်ရေးအရ ဘက်ပေါင်းစုံကနေပြီးတော့ သတင်းအမှားများ ထုတ်လွှင့်ပြီး ဆောင်ရွက်တာမျိုးရှိပါလိမ့်မယ်။ ဒီသတင်းအမှားတွေကို ကြည့်ပြီး သတင်းအဆိပ်မသင့်ဖို့ အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။