လွိုင်ကော်အခြေအနေမှာ သောင်းကျန်းသူများက အဝေးကပစ်ခတ်သည်မှအပ တည်ငြိမ်နေဟု ဆို
သောင်းကျန်းသူများ၏ လှုပ်ရှားမှုများကို တာဝန်သိ ပြည်သူများက တပ်မတော်သို့ သတင်းပေးပို့မှုများရှိဟု သိရ
Written by Nyein Kyaw
ရှမ်းမြောက်ဒေသတိုက်ပွဲများအတွင်း မန္တလေး-မူဆယ်လမ်းမကြီး ကျောက်မဲနှင့် သီပေါမြို့ကြားရှိ ဒုဋ္ဌဝတီမြစ်ငယ် ကျင်သီတံတားကို TNLA က မိုင်ထောင်ဖောက်ခွဲမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားခဲ့သည်။
“ကျောက်မဲနဲ့ သီပေါကြားထဲမှာရှိတဲ့ ကျင်သီပေါ့။ ဒုဋ္ဌဝတီမြစ်ငယ် မြစ်ကူးတံတားကို TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တာရှိပါတယ်။ ဒီတံတားဟာ မန္တလေး- မူဆယ် လမ်မကြီးပေါ်က တံတားဖြစ်ပါတယ်။ အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ ရည်ရွယ်ချက်သည် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီးတော့ ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကို တိုက်ခိုက်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ပြည်သူကို တိုက်ရိုက် ထိပါးစော်ကားတဲ့လုပ်ငန်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ဘက်တိုက်ပွဲအခြေအနေမှာ သောင်းကျန်းသူများက အဝေးကပစ်ခတ်တိုက်မှုမှအပ တိုက်ပွဲများ ငြိမ်သက်လျက်ရှိကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ထိန်းသိမ်းပြီး ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီလွိုင်ကော်ဘက် အခြေအနေကတော့ ဒီမနက်ပိုင်းမှာ အဝေးကနေပစ်ခိုက်မှုမှအပ ကျန်တာငြိမ်သက်လျက်ရှိပါတယ်။ တစ်ရက်နှစ်ရက်လောက်အတွင်းမှာ အပြင်းအ ထန်သောင်းကျန်းသူများအနေနဲ့ အပြင်းအထန် တိုက် ခိုက်ခဲ့တာမျိုးရှိပါတယ်။ တပ်မတော်အနေနဲ့ ပြန်လည်တွန်းလှန် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ထီးချိုင့်ဘက်မှာတော့ တချို့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ထိန်းသိမ်းပြီးဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
သောင်းကျန်းသူများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းများကို ဟန့်တားရန် အဓိက လုပ်ဆောင်နေသည်ဟုလည်း ပြောကြားသည်။
“အဓိက,ကတော့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူ့ဆက်သွယ်ရေးလမ်းကြောင်းတွေကို အဓိက နှောင့်ယှက်ဟန့်တားနေတဲ့၊ ဖျက်ဆီးနေတဲ့ အကြမ်းဖက် သောင်းကျန်းသူများနဲ့ပတ်သက်တဲ့ သတင်းများ၊ အကြမ်းဖက်သောင်းကျန်းသူများနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များကိုပေးပို့နေတဲ့ တာဝန်သိပြည်သူများလည်းရှိပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြဖို့၊ အခြေ အနေအမြန်ဆုံး တည်ငြိမ်အောင်ထိန်းသိမ်းသွားနိုင်ဖို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။