မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အထင်အမြင်လွှဲစေရန် စစ်ဘေးရှောင်အဖွဲ့များကို MNDAA က လက်နက်ကြီးဖြင့် ပစ်ခတ်
၁၂. ၁၁. ၂၀၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ရှိ KIA နှင့် PDF များကို ပြန်လည်တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်းနှင့် လွိုင်ကော်မြို့ကို အဝေးကပစ်ခတ်ခဲ့သည့် သောင်းကျန်းသူများကို တပ်မတော်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အလောင်းနှင့်လက်နက်များ ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားခဲ့သည်။
KIA၊ PDF နှင့် AA အဖွဲ့များက စစ်ကိုင်းတိုင်းဒေသအတွင်း တိုက်ပွဲများဖော်နေခြင်းကြောင့် နိုဝင်ဘာ ၁၀ ရက်မှစ၍ ထီးချိုင့်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် (ယမန်နေ့)တွင် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရန်သူများ ကျဆုံးမှုများခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။ ယနေ့တွင် ထီးချိုင့်မြို့ထဲ ဝင်ရောက်ခဲ့သည့် သောင်းကျန်းသူများကို တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့တစ်နေကုန်မှာတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ မြို့အပြင်မှာ လာပြီးတော့ အဝေးကနေ လာပြီးတော့ ပစ်ခတ်မှုတွေရှိတယ်။ တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေ အလောင်းလက်နက် ကျန်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ထီးချိုင့်မြို့ကိုတော့ တစ်ရက်တုန်းက ထီးချိုင့်မြို့ထဲအထိ KIA၊ PDF အဖွဲ့တွေ ဝင်ရောက်လာတာရှိတယ်။ ဒါတွေကို တပ်မတော်အနေနဲ့ ဒီနေ့မှာ ပြန်လည်တိုက်ထုတ်လိုက်ပြီးဖြစ်တယ်။ သူတို့ဆီက အလောင်းလက်နက် တော်တော်များများလည်း ကျွန်တော်တို့ ရလိုက်တာရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၁၂ ရက် (ယနေ့)တွင် မြန်မာ-တရုတ် နှစ်နိုင်ငံအထင်အမြင်မှားစေအောင် ရည်ရွယ်၍ နယ်ခြားမှတ်တိုင် ၁၂၅ အနီးတွင်ရှိသည့် စစ်ဘေးရှောင်အဖွဲ့များကို MNDAA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“MNDAA အဖွဲ့အနေနဲ့ နယ်ခြားမှတ်တိုင် ၁၂၅ နားမှာရှိတဲ့ စစ်ဘေးရှောင်အဖွဲ့တွေကို နှစ်နိုင်ငံ အထင်အမြင်လွဲမှားအောင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၁၂ ရက် ညပိုင်းအထိ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ ကိုးကန့်ဒေသတွင် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကွမ်လုံဒေသတွင် စစ်ရေးဗျူဟာအရ တပ်မတော်က ဟပေးထားသည့်နေရာများကို MNDAA က လာရောက် ဓာတ်ပုံခိုးရိုက်မှုများရှိခဲ့ကြောင်းနှင့် သိန္နီမြို့ကို နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။