October 19, 2024

လမ်းပန်းဆက်သွယ်ရေးကြောင့် ရခိုင်တွင် စက်သုံးဆီ မကြာမီ ပြတ်လပ်လာနိုင်ဟု ဆို

၁၃. ၁၁. ၂၀၂၃
Written by Ye Kyaw

ယနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု လမ်းကြောင်းတွင် ကုန်ကားများပိတ်မိနေပြီး စစ်တွေမြို့သို့ ရောက်ရှိပြီးဖြစ်သည့် ရေချိုငါး၊ ပဲနှင့် ကြက်သွန်များလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ မတင်ပို့နိုင်သေးဘဲ စောင့်ဆိုင်းနေရကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းမှ သိရသည်။

“လမ်းခရီးမှာရှိနေတဲ့ ကားတွေကတော့ ပိတ်မိနေတာပေါ့နော်။ ကုန်သွယ်ရေးပစ္စည်းတွေပေါ့။ ဘင်္ဂလားဒေ့ရှ်ကတော့ ဒီနေ့ တိုက်ပွဲမဖြစ်ခင်အထိတော့ ပုံမှန်တော့ သွားနေကြတယ်။ နည်းတော့နည်းတယ်။ ဒီနေ့မှာတော့ မောင်တောကို သွားလို့မရတော့ဘူး။ စစ်တွေမှာရောက်နေတဲ့ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေပေါ့။ ရေချိုငါးတို့၊ ပဲတို့၊ ကြက်သွန်တို့ကို‌တော့ ပြန်လည်တင်ပို့နိုင်ဖို့ကို သက်ဆိုင်ရာဌာနတွေကို တင်ပြပြီးလုပ်နေကြတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်အောင်က MT News သို့ ပြောသည်။

လက်ရှိတွင် ကုန်စည်ကားလမ်းကြောင်းများ မဆောင်ရွက်နိုင်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီများလည်း မကြာမီ ပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့်အတူ ရေရှည်တွင် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ လိုက်ပါခံစားလာရနိုင်ကြောင်း သိရသည်။

“ စစ်တွေမှာက ဒီဇယ်က လှေနဲ့လာလို့ရပေမဲ့ ဓာတ်ဆီ 92 နဲ့ 95 ကတော့ ကားနဲ့မလာနိုင်ရင် မလွယ်ဘူးလေ။ အခုလောလောဆယ်တော့ ဘယ်နှစ်ရက်စာလောက်ရှိလဲဆိုတာကတော့ မပြောတက်ဘူး။ ရေရှည်မှာလည်း ဒါတွေလည်း ဈေးကြီးမြင့်တာ ပြတ်လပ်တာရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း AA နှင့် တိုက်ပွဲများ ယနေ့ နံနက်ပိုင်းတွင် စတင်ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပြေးဆွဲနေသည့် ကားလိုင်းများနှင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောခရီးစဉ်များ အကန့်အသတ်မရှိ ရပ်နားထားကြောင်း သိရသည်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်အပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်လာချိန်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်ရှိသည့် ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်တပ်များကို AA လက်နက်ကိုင်အဖွဲ့က ယနေ့ ၅ နာရီခန့်တွင် စတင်တိုက်ခိုက်နေပြီး လူမှုကွန်ရက်ပေါ်တွင်လည်း အဆိုပါစခန်းနှစ်ခုကို သိမ်းလိုက်နိုင်ပြီဟု ပြန့်နှံ့နေခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ AA ဘက်မှ စခန်းသိမ်းနိုင်ပြီဟု ထုတ်ပြန်ထားခြင်းမရှိသကဲ့သို့ မြေပြင်အခြေအနေတွင် တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်အကွေ့အနီးတွင်ရှိနေသည့် ဒုံးပိုက်နှင့် ချိန်ခါလီစခန်းနှစ်ခုကို AA က ဝင်တိုက်ခဲ့ခြင်းကြောင့် မြေပြင်စခန်းများက ခုခံမှု၊ ပစ်ခတ်မှုအပြင် ရေတပ်မှလည်း AA လက်နက်ကိုင်များကို ပင်လယ်အတွင်းမှ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – မောင်တောနယ်စပ်စခန်းနှင့် စစ်တွေသို့ ပြီးခဲ့သည့် ရက်များအတွင်း ရောက်ရှိခဲ့သော အအေးခန်း ငါးသယ်ကားများကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *