October 22, 2024

၁၉. ၁၁. ၂၀၂၂

Written by Tha Doe

အခွန်တိမ်းရှောင်နေသူများကို ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်နိုင်သည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဖြစ်စဉ်အပြီးတွင် မြန်မာနိုင်ငံ၏ အခွန်ရရှိမှုမှာ ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ယခင်က ကျပ် ဘီလျံ ၇၀၀၀ နှင့် ၈၀၀၀ အကြား အခွန်ရရှိနေရာမှ လက်ရှိကာလတွင် အခွန်ရရှိမှုမှာ ကျပ် ဘီလျံ ၅၀၀၀ ပတ်လည်သာ ရရှိလာနေပြီး နိုင်ငံရေးဖြစ်စဉ်အပေါ် အကြောင်းပြကာ အခွန်တိမ်းရှောင်မှုများ၊ အခွန်မဆောင်မှုများ များပြားခဲ့သည်။

အခွန်တိမ်းရှောင်နေသူများကို စစ်ဆေးအရေးယူရာတွင် NLD အစိုးရဟောင်း ပြဌာန်းခဲ့သည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ဥပဒေအရ အခွန်တိမ်းရှောင်သူသည် ပြစ်မှုထင်ရှားစီရင်ခံရပါက ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၂၅၀၀၀၀ နှင့် သက်ဆိုင်ရာကာလအတွက် ထိုသူကရှောင်တိမ်းခဲ့သည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေပမာဏတိုအနက် များရာဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။

ထို့ပြင် အခွန်တိမ်းရှောင်သူအနေဖြင့် ပြစ်မှုကျုးလွန်မှုအပေါ် မူတည်ကာ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း အရေးယူနိုင်ပြီး ထိုဥပဒေသည် ငွေကြေးခဝါချမှုပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက ထောင်ဆယ်နှစ်အထိ ကျခံရနိုင်ကာ ဒဏ်ငွေလည်းကျပ်သန်းရာချီ တပ်ရိုက်နိုင်သော ဥပဒေဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာသတင်းအချက်အလက်များ လွဲမှားဖော်ပြခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းတို့နှင့် စပ်လျဉ်းပြီး အများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက် အမှတ် ၃/၂၀၂၂ ကို နိုဝင်ဘာ ၁၆ ရက်မှ စတင်ထုတ်ပြန်ထားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်သက်ရောက်မည့် အခွန်ရှောင်တိမ်းခြင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို အများပြည်သူကြိုတင်သိရှိစေရန် နိုဝင်ဘာ ၁၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထပ်မံအသိပေးထားသည်။

မြန်မာနိုင်ငံ၏ အခွန်ရရှိမှုများအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၈၆၁၅ ဘီလျံကျော် ရရှိရန် ခန့်မှန်းခဲ့သော်လည်း ကျပ် ၅၇၄၂ ဘီလျံကျော်သာ ရရှိခဲ့သည်။ ထို့အတူ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၅၅၉၃ ဘီလျံကျော်သာ ရရှိကာ ယခုဘဏ္ဍာနှစ်တွင်လည်း မူလခန့်မှန်းခြေ ကျပ် ၇၁၇၉ ဘီလျံခန့်မှန်းထားသော်လည်း ၂၀၂၂ ဇွန်လအထိ သုံးလတာကာလတွင် ကျပ် ၁၆၇၃ ဘီလျံကျော်သာ ကောက်ခံရရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *