October 19, 2024

ဓာတ်ပုံ - ရွှေပြည်တန် အမြန်ရေယာဉ်

၁၃. ၁၁. ၂၀၂၃
Written by Nyein Kyaw

ရခိုင်ပြည်နယ်အတွင်း AA နှင့် တိုက်ပွဲများ ယနေ့ နံနက်ပိုင်းတွင် စတင်ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပြေးဆွဲနေသည့် ကားလိုင်းများနှင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောခရီးစဉ်များ အကန့်အသတ်မရှိ ရပ်နားထားကြောင်း အောင်မင်္ဂလာအဝေးပြေးရှိ ယာဉ်လိုင်းများနှင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောလိုင်းများမှ သိရသည်။

“ကားထွက်မရှိပါဘူး။ ပြန်ထွက်ဖို့ မသိရသေးဘူး။ သူတို့က ဒီမှာရက်အကန့်အသတ်မရှိဘူးလေ။ ပိတ်ထားတာကလေ” ဟု အောင်မင်္ဂလာအဝေးပြေးရှိ ရခိုင်ခရီးစဉ်ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ- ကျောက်နီမော်- တောင်ကုတ်၊ စစ်တွေ-ရသေ့တောင်- ဘူးသီးတောင်၊ စစ်တွေ-ပေါက်တော- မင်းပြား၊ စစ်တွေ- မြောက်ဦး ခရီးစဉ်များကိုလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။

“ယာယီရပ်ဆိုင်းထားတယ်ဆိုပြီးလည်း ကြေညာထားပါတယ်။ ဘယ်နေ့ ပြန်ထွက်မယ်ဆိုတာကို အတိအကျ မသိပါဘူး။ ပြန်ပြေးဆွဲရင်တော့ ကြေညာပေးပါမယ်” ဟု ရွှေပြည်တန် အမြန်ရေယာဉ်မှ တာဝန်ရှိသူက ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်အပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်လာချိန်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်ရှိသည့် ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်တပ်များကို AA လက်နက်ကိုင်အဖွဲ့က ယနေ့ ၅ နာရီခန့်တွင် စတင်တိုက်ခိုက်နေပြီး လူမှုကွန်ရက်ပေါ်တွင်လည်း အဆိုပါစခန်းနှစ်ခုကို သိမ်းလိုက်နိုင်ပြီဟု ပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ AA ဘက်မှ စခန်းသိမ်းနိုင်ပြီဟု ထုတ်ပြန်ထားခြင်းမရှိသကဲ့သို့ မြေပြင်အခြေအနေတွင် တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်အကွေ့အနီးတွင်ရှိနေသည့် ဒုံးပိုက်နှင့် ချိန်ခါလီစခန်းနှစ်ခုကို AA က ဝင်တိုက်ခဲ့ခြင်းကြောင့် မြေပြင်စခန်းများက ခုခံမှု၊ ပစ်ခတ်မှုအပြင် ရေတပ်မှလည်း AA လက်နက်ကိုင်များကို ပင်လယ်အတွင်းမှ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *