October 19, 2024

၁၃. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသအတွင်း ဆက်လက်ဖြစ်ပွားလျက်ရှိသော အစ္စရေးနှင့်ဟားမားစ်တို့၏တိုက်ခိုက်မှုများအတွင်း ဒေသရှိဆေးရုံများမှာ လျှပ်စစ်ဓာတ်အားနှင့် ထောက်ပံရေးပစ္စည်းများလုံးဝပြတ်တောက်လျက်ရှိကာ ဆေးရုံများ၏ ဝန်ထမ်းများမှာလည်း ကြောက်မက်ဖွယ်အခြေအနေများနှင့်ရင်ဆိုင်နေရသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

သို့သော် အစ္စရေးလေတပ်၏ အဆက်မပြတ်တိုက်ခိုက်မှုများကို တွေ့ကြုံနေရသော ဂါဇာနေပြည်သူများမှာလည်း ဆေးရုံများသို့ ခိုလှုံရာနေရာများအဖြစ် လာရောက် စုဝေးနေထိုင်နေကြသည်ကို တွေ့ရလျက်ရှိသည်။

ဂါဇာဒေသ၏ ဒုတိယအကြီးဆုံးဆေးရုံဖြစ်သော ဂါဇာမြို့အတွင်းရှိ Al-Quds ဆေးရုံဆိုလျှင် ယခုအခါ ဆေးကုသရေးအတွက် လုံးဝလုပ်ငန်းဆောင်ရွက်နိုင်မှုမရှိတော့ကြောင်း ပါလက်စတိုင်းလခြမ်းနီအသင်းက ပြောခဲ့သည်။ ဂါဇာ၏ အကြီးဆုံးဆေးရုံဖြစ်သော Al-Shifa ဆေးရုံတွင်လည်း ဆေးရုံအနီးတစ်ဝိုက် တိုက်ခိုက်မှုများအတွင်း ဆေးရုံဝန်ထမ်းများနှင့် လူနာများမှာ ဆေးရုံတွင်းပိတ်မိနေကြသည်။ ဆေးရုံ၌လည်း လျှပ်စစ်ဓာတ်အား၊ အစားအစာနှင့် ဆေးဝါးအထောက်အပံ့များပါ ပြတ်တောက်လျက်ရှိကြောင်း ဂါဇာဒေသရှိ ဟားမားစ်အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်တွင် ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-13_13-25-26-1024x683.jpg

Al-Shifa ဆေးရုံ၏ခွဲစိတ်ခန်းများမှာ လုံးဝလည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ဆေးရုံပြင်ပ ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း ဝန်ထမ်းများ၊ လူနာများနှင့်လာရောက်ခိုလှုံသူများ ဝင်ရောက်နေထိုင်ရာနေရာများ ဖြစ်လျက်ရှိသည်။ Al-Shifa ဆေးရုံမှ ဆရာဝန် မူဟာမက်အဘူ ဆာလ်မီယာ က “ ခွဲစိတ်ခန်းတွေက လျှပ်စစ်ဓာတ်အားလည်းပြတ်ပြီးလုံးဝ လုပ်ငန်းမဆောင်ရွက်နိုင်တော့ဘူး။ ​ဒီမှာ ဒဏ်ရာရပြီး ဆေးရုံရောက်လာသူတွေကိုတော့ ကျွန်တော်တို့လည်း ရှေးဦးသူနာပြုစုနည်းနဲ့ ကုပေးရုံကလွဲလို့ ပိုပြီးမဆောင်ရွက်ပေးနိုင်တော့ဘူး။ ခွဲစိတ်မှု မရှိမဖြစ်လိုသူတွေအဖို့တော့ သေဖို့သာရှိတော့တယ်” ဟု ပြောခဲ့သည်။

ထို့ပြင် ၎င်းက ဆေးရုံ၌အောက်ဆီဂျင်လည်းပြတ်လပ်နေကာ လွန်ခဲ့သည့်ရက်များအတွင်း ရောဂါပြင်းထန်သူများ အထူးကြပ်မတ်ကုသဆောင်၌ ကလေးငယ်များစွာသေဆုံးခဲ့ရကြောင်း ပြောခဲ့သည်။

အစ္စရေးတို့ဘက်ကမူ ၎င်းတို့အနေဖြင့် ကယ်ဆယ်မှုပြုနိုင်ရန် ကယ်ဆယ်ရေးလမ်းကြောင်းကို ဆေးရုံ အပြင်ဘက်တွင် ဖွင့်ပေးထားကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ပြောခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက စီအန်အန်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် အစ္စရေးအနေနှင့်ဆေးရုံမှကယ်ဆယ်ရေးလမ်းကြောင်းကိုလည်း ဖွင့်ပေးထားရာ လူနာများအားကယ်တင်၍မရနိုင်စရာမရှိကြောင်း ပြောခဲ့သည်။ သို့ရာတွင် ဆေးရုံတွင်းမှတစ်စုံတစ်ဦးမျှ ပစ်ခတ်မှုများဖြစ်နေသော ဆေးရုံပြင်ပသို့မထွက်ဝံ့ကြကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက ပြောခဲ့သည်။

ထို့ပြင်နေတန်ရာဟုက အဆိုပါ Al-Shifa ဆေးရုံက ဟားမားစ်တို့၏ ဌာနချုပ်အဖြစ်အသုံးပြုရာနေရာဖြစ်၍ အစ္စရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊အစ္စရေးတို့အနေနှင့် အရပ်သားများကို ကယ်ဆယ်ရန်ကူညီလိုကြောင်း ပြောခဲ့သည်။

Al-Shifa ဆေးရုံ၏ အခြေအနေဆိုးက ဂါဇာဒေသအတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပျက်ပြားနေမှု၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ကြောင်းလည်း ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။ ဂါဇာရှိ ဆေးရုံ ၃၅ ရုံအနက် ၂၁ ရုံမှ အတွင်းလူနာဆောင်များက ယခုအခါ လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ပစ်ခတ်မှုတို့ကြောင့်ထိမှန်ပျက်စီးခြင်း(သို့မဟုတ်)လောင်စာဆီပြတ်လပ်ခြင်းနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *