October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by Ye Kyaw

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းများအတွက် လျှောက်လွှာတင်ထားသူများ အခန်းမဲများနှိုက်ခြင်းကို နိုဝင်ဘာ ၁၃ ရက်နှင့် နိုဝင်ဘာ ၁၄ ရက်တွက် မဲနှိုက်ပေးလျက်ရှိကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။

အခန်းများမဲနှိုက်ရမည့်သူစာရင်းကို အဆင့် ၃ ဆင့် ခွဲ၍ကြေညာထားပြီးဖြစ်ကာ ပထမအဆင့်တွင် ပါဝင်သူများသည် ယခုအသင့်နေထိုင်နိုင်သော ပြီးစီးနေပြီဖြစ်သည့် တိုက် ၇၃ လုံးတွင်လည်းကောင်း၊ ဒုတိယအဆင့်တွင် ပါဝင်သူများသည် ဒီဇင်ဘာလတွင် နေထိုင်ခွင့်ချပေးမည့် တိုက်အလုံး ၅၀ တွင်လည်းကောင်း၊ တတိယအဆင့်တွင် ပါဝင်သူများသည် ဆောင်လုပ်ဆဲတိုက်အလုံး ၇၀ (၂၀၂၄ ဧပြီလမှ ပြီးစီးနိုင်မည်) အတွက်လည်းကောင်း အခန်းမဲများနှိုက်ရမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-11-13_12-53-31.jpg

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံအနီးတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာခဲ့ပြီး ဖြစ်သည်။

ပြန်လည်တင်ပြလာသော လျှောက်လွှာများအနက် အိမ်ရာကြီးကြပ်မှုကော်မတီနှင့် အိမ်ရာနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ရွေးချယ်ခဲ့ပြီး အခန်းငှားရမ်းခွင့်အတွက် စိစစ်ပြီးသော မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းနှင့် မဲနှိုက်ရမည့် ရက်များကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှ ၁၂ ရက်အထိ အသိပေးကြညာပေးခဲ့ပြီးဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-11-13_12-53-49.jpg

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ကနဦးကြေညာထားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *