၁၃. ၁၁. ၂၀၂၃
Wriiten by Pan Ei
မြေထဲပင်လယ်အရှေ့ပိုင်းမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုအတွင်း အမေရိကန် အထူးစစ်မှုထမ်း ၅ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၂ ရက်)က ပြောကြားခဲ့ပါတယ်။
နယူးယောက်တိုင်းမ်နဲ့ ဝါရှင်တန်ပို့စ် သတင်းစာတို့က ပထမဆုံး အစီရင်ခံချက်မှာ အဆိုပါငါးဦးဟာ အစ္စရေး-ဟားမားစ်စစ်ပွဲအတွင်း ဒေသတွင်းက အမေရိကန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ လိုအပ်ရင် ကူညီဖို့ စေလွှတ်ထားခဲ့တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ထဲက အဖွဲ့ဝင်တချို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့သလို ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်မှာ MH-60 ရဟတ်ယာဉ်ဖြစ်တယ်လို့ သိရပြီး သေဆုံးခဲ့သူတွေရဲ့ အမည်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။
ရဟတ်ယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အမေရိကန်ဥရောပစစ်ဌာနချုပ်က ကနဦးထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပေမဲ့ ရန်လိုတဲ့လုပ်ဆောင်မှုဖြစ်တယ်လို့ အရိပ်အယောင်ကိုတော့ မတွေ့ခဲ့ရဘဲ ပုံမှန်လေ့ကျင့်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆီဖြည့်နေစဉ် ရဟတ်ယာဉ်ဟာ ဆိုက်ပရပ်စ်အနီးမှာ ပျက်ကျခဲ့တာလို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က သေဆုံးခဲ့ရသူတွေအတွက် ဂုဏ်ပြုဆုတောင်းစကားပြောကြားပေးခဲ့ပြီး ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း သူတို့ရဲ့အနစ်နာခံမှုကို သတိရနေမှာဖြစ်တယ်လို့ ကိုယ်ပိုင်ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အစ္စရေးနှင့် ဟားမားစ်တို့ကြား ပဋိပက္ခဟာ ဒေသတွင်း အခြားနေရာတွေမှာ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုကြောင့် အမေရိကန်ဟာ လေယာဉ်တင်သင်္ဘောနှစ်စင်းအပြင် သင်္ဘောတွေနဲ့ ဂျက်လေယာဉ်တွေကို ပြီးခဲ့တဲ့လက မြေထဲပင်လယ်အရှေ့ပိုင်းကို ပြောင်းရွှေ့ခဲ့ကာ လေ့ကျင့်မှုတွေ လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။
Ref; abc news