October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by Pan Ei

ပီရူးနိုင်ငံ၊ တာရာပိုတို စိုက်ပျိုးရေးမြို့က အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ သူ့အမေအလုပ်လုပ်တဲ့ လယ်မြေမှာ ကစားရင်း အပ်ရှစ်ချောင်းကို မျိုချခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်ခဲ့ရပေမဲ့ ခွဲစိတ်ဆရာဝန်တွေကတော့ အပ်တွေကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။

မွေးမြူရေးတိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ်တွေကို ခြံလုပ်သားတွေက ပေါ့ပေါ့ဆဆထားခဲ့ကြတယ်လို့ ယူဆရပြီး အဲ့ဒီဆေးထိုးအပ်တွေကို ကလေးက မျိုချခဲ့ခြင်းဖြစ်ကာ မိခင်ဖြစ်သူက တွေ့ရှိပြီးနောက် ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပြီး ကလေးငယ်ကို ဓာတ်မှန်ရိုက်ကြည့်ရာမှာတော့ ဝမ်းဗိုက်အတွင်းမှာ ပြန့်ကျဲနေတဲ့ ဆေးထိုးအပ်တွေကို တွေ့ရှိခဲ့ရတာပါ။

ကလေးငယ် ဗိုက်အတွင်းရဲ့အူ၊ အသည်းကို ဖုံးထားတဲ့ အမြှေးပါးရဲ့ ညာဘက်ခြမ်းမှာ အပ်နှစ်ချောင်း၊ ဘယ်ဘက်ခြမ်းမှာ သုံးချောင်း၊ ဝမ်းဗိုက်နံရံမှာ တစ်ချောင်း၊ ဆီးအိမ်နဲ့ အူမကြီးအကြားမှာ နှစ်ချောင်းရှိနေခဲ့တာဖြစ်ပြီး အပ်ရှစ်ချောင်းလုံးကို ဖယ်ရှားဖို့ နှစ်နာရီကြာ ခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်လို့ Sanook က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကလေးကို အချိန်မီ ခွဲစိတ်မှုပြုလုပ်နိုင်ခဲ့ခြင်း မရှိရင် ရလဒ်က ပိုဆိုးရွားသွားနိုင်တယ်လို့လည်း သိရပါတယ်။

Pediatrics ဂျာနယ်က ဖော်ပြခဲ့တဲ့ မကြာသေးမီက လေ့လာမှုတစ်ခုအရ ကလေးတွေက အရာဝတ္တုတွေကို မရည်ရွယ်ဘဲ မျိုချမိတဲ့ အဖြစ်အပျက်တွေ ပိုများလာတယ်လို့ သိရပြီး အဖြစ်များဆုံးကိစ္စတွေကတော့ အကြွေစေ့တွေ၊ အရုပ်တွေ၊ လက်ဝတ်ရတနာတွေနဲ့ ဘတ္ထရီတွေ မျိုချတာတွေပဲဖြစ်ပါတယ်။ အပ်တွေလိုမျိုး ချွန်ထက်တဲ့အရာတွေကို မျိုချမိတဲ့အခါ အဲ့ဒါတွေဟာ အစာချေစနစ်ကို ပျက်စီးစေနိုင်ပြီး အတွင်းအင်္ဂါတွေမှာ ကပ်နေနိုင်ကာ ပြင်းထန်တဲ့အန္တရာယ်ရှိစေတာကြောင့် ကလေးငယ်တွေအတွက် မလိုအပ်တဲ့ အန္တရာယ်တွေ မဖြစ်ပွားစေဖို့ လူကြီးတွေအနေနဲ့ သေချာ ကြည့်ရှုဖို့လိုအပ်ပါလိမ့်မယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *