October 19, 2024

သိမ်းယူထားသည့်မြို့များရှိ ပုဂ္ဂလိကဘဏ်များကို NUG ဖောက်ယူနေ၍ လူထုအကြားအပ်ငွေများဆုံးရှုံးမည်ကို စိုးရိမ်မှုမြင့်တက်နေ

၁၃. ၁၁. ၂၀၂၃
Written by Nay Moe

မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ လိုက်ပါအကောင်အထည်ဖော်နေပြီး ကောလင်းအပါအဝင် မြို့ငယ်တချို့ သိမ်းယူထားတယ်လို့ ကြေညာထားတဲ့ NUG က သူတို့ သိမ်းယူထားတဲ့မြို့တွေရဲ့ ဘဏ်တွေက ငွေတွေကို ကိုင်တွယ်နေပြီး အခြေအနေတည်​ငြိမ်မှ ပြန်ပေးမယ်လို့ NUG ကြားကာလဗဟိုဘဏ်က ဒီနေ့ကြေညာပါတယ်။

NUG ဟာ မြို့တွေသိမ်းယူခဲ့ချိန်မှာ ပုဂ္ဂလိကဘဏ်တွေကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို ငွေတွေလည်းသိမ်းယူထားတာကြောင့် လူထုကြားမှာစိတ်ပူနေချိန်မှာ NUG က အခြေအနေတည်ငြိမ်မှ ပြန်ပေးမယ်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

NUG တိုက်ခိုက်သိမ်းယူပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်တဲ့ ဒေသတွေက ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ပြည်သူ့ အပ်နှံငွေတွေ ဆုံးရှုံးနစ်နာမှုမရှိစေဖို့ စီမံဆောင်ရွက်ထားရှိမှုအခြေအနေကို အသိပေးကြေညာတယ်ဆိုတဲ့ထုတ်ပြန်ချက်နဲ့ NUG ထုတ်ပြန်ရာမှာ သိမ်းပိုက်ရရှိတဲ့နယ်မြေအတွင်းက ပုဂ္ဂလိကဘဏ်တွေရဲ့ ပရိဝုဏ်၊ အဆောက် အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်းရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software Hardware များနဲ့စပ်လျဉ်းတဲ့ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်နာ အကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံလျက်ရှိပြီး အခြေအနေတည်ငြိမ်တာနဲ့ ထိန်းသိမ်းပြုစုထားတဲ့ စာရင်း၊ ဇယား၊ မှတ်တမ်းတွေနဲ့အညီ ပြည်သူ့အပ်နှံငွေကို ပြည်သူ့ထံပြန်လည်ရရှိစေဖို့ စီမံဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ NUG ဟာ ပုဂ္ဂလိကဘဏ်တွေကို ဖွင့်ဖောက်ပြီး ငွေတွေသိမ်းယူ၊ စာရင်းတွေ ရယူနေတယ်လို့ သူတို့ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက ပြောဆိုမှုတွေအရ သိရပေမဲ့လည်း ပုဂ္ဂလိကဘဏ်ဘယ်နှစ်ခုကို ဖောက်ယူပြီးငွေတွေကိုင်တွယ်နေတာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။ ဒါ့အပြင် ပုဂ္ဂလိကဘဏ်တွေဘက်ကလည်း ဘယ်မြို့က ဘယ်ဘဏ်ခွဲကို NUG နဲ့ PDF တွေ ထိန်းချုပ်ပြီး ငွေတွေ၊ ဘဏ်စာရင်းတွေ၊ ပိုင်ဆိုင်မှုတွေကို ရယူထားတယ်ဆိုတာ အတည်ပြုထုတ်ပြန်မှုမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *