October 19, 2024

မီးလောင်မှုကြောင့် ထိခိုက်သူ ၁၈ ဦးအထိရှိသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရ

၁၂. ၁၁. ၂၀၂၃
Written by KL

ရန်ကုန် တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက် သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့်၌ ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ခန်း ၄ ခန်း မီးလောင်ဆုံးရှုံးခဲ့ရမှုမှာ တိုက်ခန်းမြေညီထပ် လှေကားခွင်တွင်လျှပ်စစ်မီတာအထွက်မှ ဝန်အားသုံးစွဲမှုကြောင့် မီးပွားကျ၍ မီးစလောင်ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၂ရက် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ သိမ်ဖြူလမ်းနှင့် ကမ်းနားလမ်းထောင့် အမှတ်(၆၅၊ ၆၇၊ ၆၉)ရှိ အလျားပေ ၅၀၊ အနံ ၄၅ ပေရှိ သစ်သားအုတ်ညှပ်တိုက် ၂ ခန်းတွဲ ၄ ထပ်တိုက် ၊ ၄ လွှာတိုက်တွင် မီးလောင်ခြင်းဖြစ်ကြောင်း၊ မြေညီထပ် လှေကားခွင်အတွင်း တပ်ဆင်ထားသော လျှပ်စစ်မီတာများအနက် ဦးမျိုးမြင့် ပိုင်ဆိုင်သော မီတာအထွက်မှ ဝန်အားသုံးစွဲမှုကြောင့် မီးပွားကျ၍ အနီးရှိ တာယာအဟောင်းနှင့်ပစ္စည်းအဟောင်းများပေါ်သို့ မီးကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

This image has an empty alt attribute; its file name is photo_2023-11-13_10-50-41.jpg

အဆိုပါ မီးလောင်မှုကြောင့် ၃ လွှာနှင့် ၄ လွှာမှ အခန်း ၄ ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ခဲ့ပြီး အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။ “ဒဏ်ရာရတဲ့သူတွေက မီးလောင်ဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာတွေရရှိတာပါ။ အသက်အန္တရာယ်တော့ မရှိပါဘူး “ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် အသက် ၆၇ နှစ်အရွယ် ဦးမျိုးမြင့်ကို ဗိုလ်တထောင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇ ၊ ၃၃၈ ၊၂၈၅ဖြင့် အမှုဖွင့်ကာအရေးယူထားကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *