October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by Nay Moe

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးလို့ ရက်သတ္တပတ် နှစ်ပတ်ကျော်လာချိန်မှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့်တပ်တွေကို AA လက်နက်ကိုင်အဖွဲ့က ဒီမနက် ၅ နာရီကလောက်က စတင်တိုက်ခိုက်နေပြီး လူမှုကွန်ရက်ပေါ်မှာလည်း ဒီစခန်းနှစ်ခုကို သိမ်းလိုက်နိုင်ပြီလို့ ဖြန့်ချိနေတာ တွေ့ရပါတယ်။

ဒုံးပိုက်နယ်ခြားစောင့်တပ်နဲ့ ချိန်ခါလီ နယ်ခြားစောင့်တပ်ကို AA က တိုက်ခိုက်နေပြီး ဒီစခန်းနှစ်ခုကို သိမ်းလိုက်ပြီလို့ NUG ရဲ့ သယံဇာတဝန်ကြီးဒေါက်တာတူးခေါင်က ရေးသားနေပေမဲ့လည်း AA ဘက်ကတော့ စခန်းသိမ်းနိုင်ပြီလို့ မထုတ်ပြန်သေးသလို မြေပြင်အခြေအနေမှာလည်း တိုက်ပွဲဖြစ်နေဆဲလို့ တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ရေးသားနေတာ တွေ့ရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-13_10-17-42.jpg

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်အကွေ့နားမှာရှိနေတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလီစခန်းနှစ်ခုကို AA က ဝင်တိုက်နေတာကြောင့် မြေပြင်စခန်းတွေက ခုခံမှု၊ ပစ်ခတ်မှုအပြင် ရေတပ်ကပါ AA လက်နက်ကိုင်တွေကို ပင်လယ်ထဲကနေ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

“ဒုံးပိုက်နဲ့ ချိန်ခါလီဘက်ကို ပင်လယ်ဘက်က ရေတပ်ကပစ်နေသလို ကုန်းဘက်ကစခန်းတွေကလည်း ပစ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ AA တိုက်ပွဲဖော်ဆောင်နေတဲ့ ရသေ့တောင်မြို့နယ်က ဒုံးပိုက်နဲ့ ချိန်ခါလီနယ်ခြားစောင့်စခန်းတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အငူမော် – မောင်တောကားလမ်းပေါ်မှာရှိတဲ့ စခန်းတွေဖြစ်ပြီး လက်ရှိမှာနယ်စပ်ကုန်သွယ်ရေးရပ်နေသလို ဒုံးပိုက်ရွာနဲ့ ချိန်ခါလီရွာက ဒေသခံတွေအားလုံးကလည်း စစ်ရှောင်ပြီး ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *