October 19, 2024

၁၃. ၁၁. ၂၀၂၃
Written by Nyein Kyaw

ပြီးခဲ့သည့် နှစ်ရက်အတွင်း စက်သုံးဆီတင်သင်္ဘော ၄ စီးဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီထပ်မံရောက်ရှိ ဆိုက်ကပ်မည်ဖြစ်ကြောင်းနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အနီးကပ်ကြပ်မတ်‌ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်အနက် အချို့ဆိုင်များ၌ နိုဝင်ဘာ ၁၀ ရက်တွင် ဓာတ်ဆီ 92 Ron သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအား မြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal သုံးခုမှ အရောင်းဆိုင်များအားလုံးသို့ ဖြန့်ဖြူး‌ပေးရာတွင် ဖြန့်ဖြူးနိုင်မှု စွမ်းအားအရ အလျင်မမှီခဲ့ခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ ညတွင်းချင်းပင် Urgent စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ စက်သုံးဆီလုံလောက်မှုရှိစေရန် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင် အများသုံး ဓာတ်ဆီဖြစ်သော 92 Ron ဂါလန် ၁၃ သန်းကျော်၊ 95 Ron ဂါလန် ၃ သန်းကျော်၊ 97 Ron ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့် ပရီမီယံဒီဇယ် သန်း ၂၀ ကျော်ကျန်ရှိကြောင်း သိရှိရပြီး ပြတ်လပ်မှုမရှိစေရေး အချိန်မီဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း ဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော ၁၅ စီးရှိကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီများ ဖူလုံစွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းတွင် မည်သည့်စက်သုံးဆီ အမျိုးအစားမဆို အရန်တစ်လစာ ကျန်ရှိအောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားများနှင့် အများပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အနီးကပ်ကြပ်မတ်‌ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *