October 30, 2024

SAC ဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn လာရောက်တွေ့ဆုံစဥ်

MT News

NLD ဝန်ကြီးဟောင်းဦးကျော်တင့်ဆွေအပါအဝင် အကျဥ်းသား ၆၀၀၀ ခန့် လွှတ်ပေးသည်ကို ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံသို့ တတိယအကြိမ်လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၏ ကြေညာချက်တွင် NLD ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်၊ ၈၈ မျိုးဆက်မှ ကိုမြအေး၊ NLD ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်၊ NLD CEC ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ မောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံအမတ်ကြီးဟောင်းဗစ်ကီဘိုးမန်းနှင့် ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပါမောက္ခ Sean Turnell၊ ဂျပန်သတင်းထောက်နှင့် ဒါရိုက်တာ တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးအပါအဝင် လူများစွာလွတ်မြောက်လာမှုကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

SAC က ထိုသို့ လွှတ်ပေးခြင်းမှာ အာဆီယံ၏ ဘုံသဘောတူညီချက် မူဘောင်ငါးချက်မှ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး လမ်းစတခုအဖြစ် သတ်မှတ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ကြေညာချက်တွင် ဖော်ပြထားပြီး အာဆီယံ ဘုံသဘောတူညီချက်များမှ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်၍ ယုံကြည်မှုတည်ဆောက်ရေး စသည့် တိုးတက်မှုများရှိလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တွန်းအားပေးရန် မကြာခင် သီတင်းပတ်များအတွင်း မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *