October 11, 2024

၁၁. ၁၁. ၂၀၂၃
Written by Pan Ei

၂၀၂၄ ခုနှစ် ဂရမ်မီဆုပေးပွဲကြီးအတွက် ဆန်ခါတင်စာရင်းတွေကို သောကြာနေ့ (နိုဝင်ဘာ ၁၀ ရက်) မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီဆန်ခါတင်စာရင်းမှာတော့ အမျိုးသမီး အနုပညာရှင်တွေ ဦးဆောင်ထားလို့ အမျိုးသမီးတွေရဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့တောင် ဆိုရမလိုပါပဲ။

စွယ်စုံရအနုပညာရှင် SZA ဟာ အခုနှစ်မှာ ဂရမ်မီဆုပေးပွဲရဲ့ ဆန်ကာတင်ဆုစာရင်းမှာ ၉ နေရာနဲ့ အများဆုံးအဖြစ်ဦးဆောင်နေပြီး တခြား ထိတ်ထိတ်ကြဲ အမျိုးသမီးအနုပညာရှင်တွေဖြစ်ကြတဲ့ Taylor Swift၊ Miley Cyrus၊ Billie Eilish၊ Olivia Rodrigo တို့နဲ့အတူ Barbie ရုပ်ရှင်ထဲက ဇာတ်ဝင်တေးကလည်း ဆန်ကာတင်ဆုစာရင်းမှာ အသီးသီး နေရာယူထားကြပါတယ်။

SZA ဟာ သူ့ရဲ့ အယ်လ်ဘမ် SOS နဲ့အတူ တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်၊ တစ်နှစ်တာအကောင်းဆုံးသီချင်းတွေအပါအဝင် ဆန်ခါတင် ၉ နေရာ စာရင်းဝင်ခဲ့တာဖြစ်ပြီး အမေရိကန် အဆိုတော်နဲ့ သီချင်းရေးဆရာတစ်ယောက်ဖြစ်တဲ့ Victoria Monét ကလည်း အကောင်းဆုံးအနုပညာရှင်အသစ်ဆု ဆန်ခါတင်စာရင်းနဲ့အတူ စုစုပေါင်း ဆန်ခါတင် ၇ နေရာရရှိခဲ့ကာ SZA နောက်မှာ အနီးကပ်လိုက်နေတာပါ။

This image has an empty alt attribute; its file name is photo_2023-11-11_15-40-51-1024x575.jpg

ဒါ့အပြင် ၂၀၂၃ နှစ်စက Flower သီချင်းနဲ့ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တဲ့ Miley Cyrus၊ များပြားလှစွာသော အောင်မြင်မှုတွေနဲ့ စံချိန်ပေါင်းများစွာချိုးခဲ့တဲ့ The Eras Tour နဲ့ ဒီနှစ်ရဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူထားခဲ့တဲ့ Taylor Swift၊ Album ထွက်တိုင်း အောင်မြင်မှုတွေ သိမ်းပိုက်ရယူတတ်တဲ့ Vampire သီချင်းနဲ့ Olivia Rodrigo၊ ဒီနှစ်ထဲ “Was I Made For?” သီချင်းနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ လူငယ်အဆိုတော် Billie Eilish တို့ဟာ ဂရမ်မီဆု ၆ ဆု ကို အိမ်ယူသွားနိုင်မယ့်အခွင့်အရေး ဆန်ကာတင်စာရင်း ၆ နေရာမှာ ပါဝင်နေတာပဲဖြစ်ပါတယ်။

ဒါ့တင်မကသေးဘဲ ဒါရိုက်တာ Greta Gerwig ရိုက်ကူးထားတဲ့ “Barbie” ရုပ်ရှင်ထဲက ဇာတ်ဝင်တေးတွေကလည်း ရုပ်မြင်သံကြားမီဒီယာကဏ္ဍအတွက် ရေးသားထားတဲ့ အကောင်းဆုံးသီချင်းအတွက် ဆန်ခါတင်စာရင်းငါးနေရာထဲမှာ လေးနေရာအထိ အရယူထားပါသေးတယ်။

၆၆ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို အမေရိကန်၊ လော့စ်အိန်ဂျလိစ်မြို့မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး မနှစ်က ဂရမ်မီ ဆုပေးပွဲမှာ အဆိုတော် ဘီယွန်းဆေးက ဆုလေးဆုအထိ သိမ်းပိုက်နိုင်ခဲ့ကာ ဂရမ်မီသမိုင်း တစ်လျှောက် စုစုပေါင်း ၃၂ ဆုရရှိခဲ့ပြီး ဆုရအများဆုံး အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *