October 9, 2024

၁၀. ၁၁. ၂၀၂၃

Written by Nyein Kyaw

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)စိုးထွဋ်ကို စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီးနောက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူများကိုလည်း သက်ဆိုင်ရာတရားရုံးက အရေးယူဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)က ယနေ့ ထုတ်ပြန်လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)စိုးထွဋ်သည် ပြည်ထဲဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံခဲ့မှုအပေါ် ၎င်း၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံး၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင်လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်းနှင့် အမှုတွင်ပါဝင်ပတ်သက်ခဲ့သူများကို နယ်ဘက်တရားရုံးတွင်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲစည်းကမ်းဖြင့်လည်းကြောင်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တာဝန်များကို ပူးတွဲတာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့အား ‌ခေါ်ယူစစ်ဆေးခြင်းခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့အား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီးနောက် ယနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)စိုးထွဋ်ကို ထောင်ဒဏ် (၅) နှစ်ချမှတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *