October 9, 2024

၁၀. ၁၁. ၂၀၂၃

Written by Naing Thuta

အမရပူရမြို့နယ်ရှိ နေအိမ်တစ်အိမ်အား အမည်မသိအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ကာ နေအိမ်အတွင်းရှိ ပစ္စည်းအချို့ ထိခိုက်ပျက်ဆီးသွားမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ၊ ရွှေကြက်ယက်ကျေးရွာ၊ ဖောင်တော်ဦးဘုရား မြောက်ဘက်၊ စိန်တုံးရပ်တွင် နေထိုင်သော အသက် ၅၄ နှစ်အရွယ်အမျိုးသားတစ်ဦး၏ နေအိမ်(အိမ်နောက်ဖေးနှင့် အိမ်သာကြား)သို့ နိုဝင်ဘာ ၁၀ ရက်(ယနေ့)ညနေ ၃ နာရီကျော်က အမည်မသိ အမျိုးသားနှစ်ဦးသည် Super Cub ဆိုင်ကယ် အစိမ်းရောင်ဖြင့် တောင်မှမြောက်သို့ မောင်းနှင်လာခဲ့ပြီး နောက်မှထိုင်လိုက်လာသူမှ တရုတ်လက်ပစ်ဗုံးဖြင့်ပစ်‌ပေါက်၍ ‌ အိမ်အ‌နောက်ဘက်လမ်းအတိုင်း မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ပေါက်ခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ နေအိမ်အတွင်း၌ အဝတ်အစားထည့်ထားသည့် ကော်ပုံးကြီး ၁ လုံး ဗုံးစထိမှန်၊ ခြံခတ်ထားသည့် သွပ်ပြား (အပြာရောင်) ၃ ချက်ပေါက်ကွဲစမှန်၊ အိမ်နောက်တွင် အဖီဆွဲထားသည့် ခေါင်မိုးသွပ်ပြား ၁၀ ချက် ပေါက်ကွဲစများ မှန်သွားခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း ပစ္စည်းဆုံးရှုံးမှု ကာလတန်ဖိုး ၅၀၀၀၀ ကျပ်ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုလက်ပစ်ဗုံးဖြင့် လာပစ်သူနှစ်ဦးထဲမှ အရှေ့က မောင်းသူသည် အားကစားအင်္ကျီလက်တိုအပြာရောင်၊ လျှာထိုးဦးထုပ်ဆောင်း၍ ဘောင်းဘီတိုဝတ်ထားပြီး အနောက်မှထိုင်လိုက်လာသူသည် အင်္ကျီအကွက်လက်ရှည်နှင် ဘောင်းဘီတိုဝတ်ဆင်ထားကြောင်း အမည်မဖော်လိုသော မျက်မြင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲအောင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွားသူ ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *