MT News
Written by Hey Mar
ရွှေပညာအကြောင်း တတ်သိနားလည်စေရန်နှင့်လုပ်မှားကိုင်မှား၊ ရောင်းမှားဝယ်မှား မဖြစ်စေရန်ရည်ရွယ်၍ အခမဲ့ ရွှေပညာသင်တန်းကို လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌဦးမျိုးမြင့်မှ MT News သို့ ပြောသည်။
ရွှေပညာတတ်ကျွမ်းနားလည်ထားပါက ထမင်းစားလက်မှတ်တစ်ခု ရထားသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု တိုးလာနိုင်ကြောင်းနှင့် အဆိုပါသင်တန်းကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်စာရင်းပေးတက်ရောက်နိုင်ကြောင်းလည်း သိရသည်။
“ရွှေပဲ ရောင်းရောင်း။ ရွှေပဲဝယ်ဝယ်ပေါ့။ သူရဲ့ နည်းဥပဒေသတွေကို ကိုယ်က နားလည်ထားရင် အမှားအယွင်း အထိအခိုက်နည်းမယ်။ နောက်တစ်ခုက အသင်းအနေနဲ့လည်း မျိုးဆက်သစ် ရွှေလုပ်ငန်းလုပ်ကိုင်ချင်သူတွေ ဒီသင်တန်းက ပေါ်ထွက်လာစေဖို့ရည်ရွယ်တယ်။ ကိုယ်တိုင်က ရွှေဆိုင်လုပ်ငန်းလုပ်ချင်တာလား။ ရွှေအရောင်းအဝယ်လုပ်ဖို့လား။ ရွှေတူးချင်တာလား။ စသည်ဖြင့်ပေါ့။ ဒီသင်တန်းကနေ လေ့လာခွင့်ရမယ်။ ရွှေကို မှတ်ကျောက်တင် အရည်အကဲဖြတ်ခြင်းတွေ၊ ပန်းထိမ်ပညာနဲ့ ပတ်သတ်တဲ့ လေ့လာစရာတွေ ဒါတွေကို အသင်းက တတ်ကျွမ်းနားလည်သူ လုပ်ငန်းရှင်တွေ ပညာရှင်တွေက ပြန်လည်မျှဝေမှာပါ”ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်မှ MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
သင်တန်းကာလမှာ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိဖြစ်ပြီး နံနက် ၈ နာရီမှ ၁၀ နာရီအထိ ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုပါက ယခုလ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း လာရောက်လျှောက်ထားနိုင်ပြီး သင်တန်းသားဦးရေကို အသင်းခန်းမ အခြေအနေအရ ၈၀ နှင့် ၁၀၀ ကြားတွင်သာ ကန့်သတ် သင်ကြားတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။