October 10, 2024

၁၁ . ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသော်လည်း တရုတ်နှင့်မြန်မာနိုင်ငံကြား ဆက်သွယ်ထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပေါ် သက်ရောက်မှုမရှိကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ချက်ချင်းအပစ်ခတ်ရပ်စဲရန်လည်း ထပ်မံတိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက “မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲများဖြစ်ပွားခဲ့ပေမယ့် အဲဒီတိုက်ပွဲတွေဟာ တရုတ်နဲ့ မြန်မာနိုင်ငံကြား ချိတ်ဆက်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို သက်ရောက်မှုမရှိပါဘူး။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ အမြန်ဆုံး အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရသည် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံမြောက်ပိုင်းမြို့များသို့ခရီးမသွားရန် ပြီးခဲ့သောရက်ပိုင်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြီးခဲ့သောအောက်တိုဘာ ၂၇ ရက်နေ့က ရခိုင်လက်နက်ကိုင်အဖွဲ့၊ တအာင်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်စခန်းများကို စတင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် လူပေါင်း ၅ သောင်းနီးပါးနေရပ်စွန့်ခွာ ထွက်ပြေးနေရသလို တရုတ်နိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာနေထိုင်ရန် လူပေါင်းထောင်ချီ နယ်စပ်ဖြတ်ကျော်ရန်ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားသည်။

Ref; Anadolu Agency

Leave a Reply

Your email address will not be published. Required fields are marked *