October 10, 2024

၁၁. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အာရပ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အီရန်နိုင်ငံသမ္မတတို့က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်တွင်ထိပ်သီးဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပလျက်ရှိကြရာ ခေါင်းဆောင်များက အစ္စရေး-ဟားမားစ်စစ်ပွဲကြောင့် အခြားနိုင်ငံများတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားမလာမီ စစ်ပွဲကိုရပ်ဆိုင်းရေးအတွက် တောင်းဆိုကြလိမ့်မည်ဟု မျှော်လင့်ရသည်။

အောက်တိုဘာ ၇ ရက်မှစတင်ခဲ့သောစစ်ပွဲအတွင်း အစ္စရေးတို့ဘက်မှ သေဆုံးသူ ၁,၂၀၀ ခန့်နှင့် ဓားစာခံဖမ်းဆီးခံရသူ ၂၃၉ ဦးရှိလာပြီး၊ ဂါဇာကမ်းမြောင်အတွင်းတွင်လည်း အစ္စရေး၏မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းပြည်သူ ၁၁,၀၀၀ ကျော်သေဆုံးခဲ့ရပြီးနောက် အာရပ်အဖွဲ့ချုပ်နှင့် အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအသင်း(OIC) တို့ ရီယာ့ဒ်မြို့၌ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ကြခြင်းဖြစ်သည်။

အာရပ်အဖွဲ့ချုပ်နှင့် OIC ထိပ်သီးအစည်းအဝေးများကို မူလက သီးခြားစီကျင်းပရန်လျာထားခဲ့သော်လည်း ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက အစည်းအဝေးနှစ်ခုကို‌ ပူးတွဲကျင်းပမည်ဟု နိုဝင်ဘာ ၁၁ ရက် နံနက်တွင် ကြေညာခဲ့သည်။ အာရပ်အဖွဲ့ချုပ်၏ လက်ထောက်အတွင်းရေးမှူးချုပ် ယော့ဆမ် ဇာကီက အာရပ်နိုင်ငံများအနေဖြင့် ကျူးကျော်မှုကို ရပ်တန့်စေရေး၊ ပါလက်စတိုင်းပြည်သူများအားထောက်ခံရေး၊ အစ္စရေးတို့သိမ်းပိုက်မှုကို ရှုတ်ချရေး၊ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူစေရေးတို့ကိုဆောင်ရွက်သွားမည်ဟု ယခုသီတင်းပတ်အတွင်းပြောခဲ့သည်။

သို့ရာတွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဖြစ်သော အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ကမူ ထိုထိပ်သီးဆွေးနွေးပွဲများမှ တစ်စုံတစ်ရာ မမျှော်လင့်မိကြောင်း၊ အာရပ်ခေါင်းဆောင်များအနေနှင့် များစွာနှေးကွေးသည်ဟု ထင်မိကြောင်း နိုဝင်ဘာ ၁၀ ရက်က ဝေဖန်ခဲ့သည်။

အစည်းအဝေးသို့ အီရန်နိုင်ငံသမ္မတအီဘရာဟမ်ရေဆီ ကလည်း တက်ရောက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသ၏ အင်အားကြီး နိုင်ငံနှစ်ခုအနေဖြင့် မတ်လမှစ၍ နှစ်နိုင်ငံကြား သံတမန်ပြန်လည်ဆက်ဆံရေး ပြန်လည်တည် ဆောက်ကာ ပြန်ပေါင်းထုပ်ဇတ်လမ်း စလာခဲ့ပြီးနောက်တွင် ဆော်ဒီအာရေဗျသို့ ၎င်း၏ ပထမဆုံးသောခရီးလည်းဖြစ်ခဲ့သည်။ နှစ်နိုင်ငံအကြား ခုနှစ်နှစ်ကြာအဆက်အသွယ်ပြတ်တောက်မှုများကို ရပ်ဆိုင်းစေခဲ့ခြင်းလည်းဖြစ်သည်။

Ref—–SCMP

Leave a Reply

Your email address will not be published. Required fields are marked *