October 10, 2024

၁၁. ၁၁. ၂၀၂၃
Written by Treasure

နိုဝင်ဘာ ၁၀ ရက်ကစ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တစ်ပွဲအဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အင်ဒိုနီးရှားအသင်းအနေနဲ့ ပွဲဦးထွက် ရမှတ်တစ်မှတ် ရရှိခဲ့ပါတယ်။

၂၀၂‌၃ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အင်ဒိုနီးရှားအသင်းရဲ့ အဖွင့်ပွဲစဉ်ကိုတော့ ပရိသတ် ၄၅၀၀၀ ဆန့် ဂီလိုရာ ဘန်တိုမို အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး အင်ဒိုနီးရှားပရိသတ်ပေါင်း ၄၀၀၀၀ ကျော် လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားအသင်းအနေနဲ့ အီကွေဒေါအသင်းယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ဟာ အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ဖို့ အရေးပါသလို သမိုင်းတစ်ခုရေးထိုးနိုင်ဖို့အတွက် အကောင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အင်ဒိုနီးရှားအသင်းနဲ့ အီကွေဒေါအသင်းဟာ ဘောလုံးအဆင့်တန်းကွာဟမှုကြီးမားပေမယ့် ပွဲအစကတည်းက အင်ဒိုနီးရှားအသင်း ရှိန်မနေဘဲ အကောင်းဆုံးထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန်တော်တော်များများမှာ အင်ဒိုနီးရှားအသင်းက အီကွေဒေါအသင်းဘက်ကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၂၂ မိနစ်မှာ အီကွေဒေါနောက်ခံလူတွေ အမှားကတစ်ဆင့် အင်ဒိုနီးရှားအသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-11_12-27-19-819x1024.jpg

အီကွေဒေါအသင်းက ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက်ပိုင်းမှာ ချေပဂိုးပြန်လည်ရရှိဖို့အတွက် တိုက်စစ်မြှင့်ကစားခဲ့သလို ပွဲကို ပြန်လည်စိုးမိုးနိုင်ခဲ့တာကြောင့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်ပြုလုပ်နိုင်ခဲ့သလို ပွဲကစားချိန် ၂၈ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးချိန်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးက ဦးဆောင်ဂိုးတွေ ထပ်မံရရှိဖို့အတွက် အပြန်အလှန်ထိုးဖောက်ကစားမှုတွေပြုလုပ်ခဲ့ပေမယ့် ဂိုးထပ်မံသွင်းနိုင်ခြင်းမရှိတာကြောင့် ပွဲပြီးဆုံးချိန်မှာ ပထမပိုင်းက ရလဒ်အတိုင်းပဲ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ရပါတယ်။ ၂၀၂‌၃ ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(A)ရဲ့ အုပ်စုပထမပွဲစဉ်တွေပြီးဆုံးချိန်မှာတော့ အင်ဒိုနီးရှားအသင်းက အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

၂၀၂‌၃ ယူ-၁၇ကမ္ဘာ့ဖလားပွဲစဉ်များ

မာလီ ၃-၀ ဥဇဘက်ကစ္စတန်
ပနားမား ၀-၂ မော်ရိုကို
စပိန် ၂-၀ ကနေဒါ
အင်ဒိုနီးရှား ၁-၁ အီကွေဒေါ

Leave a Reply

Your email address will not be published. Required fields are marked *