October 10, 2024

၁၁. ၁၁. ၂၀၂၃
Written by Nay Moe

မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက် သုမိတ္တာ (၂၂)လမ်းမှာ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီဝန်းကျင်က ခန့်မြတ်ချယ် စိန်ရွှေရတနာဆိုင်ပိုင်ရှင် အမျိုးသမီးကို သေနတ်နဲ့ ပစ်ခတ်ပြီး ကျပ်သိန်းသောင်းချီတန်ဖိုးရှိ စိန်ရွှေ ရတနာပစ္စည်းတွေ လုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် (ဈ)ဈေးမှာဖွင့်လှစ်ထားတဲ့ ခန့်မြတ်ချယ် စိန်ရွှေရတနာရောင်းဝယ်ရေးဆိုင်ပိုင်ရှင် အမျိုးသမီးဟာ ဆိုင်ကနေ နေအိမ်ကို ကားနဲ့အပြန် နေအိမ်အရောက် ကားပေါ်က ဆင်းလာချိန် နောက်ကလိုက်လာတဲ့ ဆိုင်ကယ် ၂ စီးပေါ်က လူသုံးဦးက အိမ်အတွင်းဝင်ရောက်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးကို သေနတ်နဲ့ ပစ် ဆိုင်က စိန်ရွှေ ရတနာပစ္စည်းတွေ သိန်း ၁၀၀၀၀ ဖိုးလောက် ထည့်လာတဲ့အိတ်ကို လုယက် ထွက်ပြေးသွားတာလို့ သိရပါတယ်။

ပစ်ခတ်လုယက်ခံရမှုကြောင့် ခန့်မြတ်ချယ် စိန်ရွှေရတနာဆိုင်ပိုင်ရှင်အမျိုးသမီးဟာ ဝဲလက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာရခဲ့ပြီး လက်ရှိမှာတော့ တရားခံသုံးဦးကို အမှုဖွင့်လှစ်ထားပြီး တရားခံဖမ်းမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာ ၁၀ ရက်မှာ မြောက်ဥက္ကလာပမြို့နယ်မှာ မနေ့က ည ၈ နာရီကျော်မှာ မြို့နယ်တရားရုံး ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့သေးသလို ည ၉ နာရီကျော်မှာလည်း ကျောက်ရေတွင်းရပ်ကွက် ရွှေဘုန်းပွင့်ဘုရားလမ်းကနေအိမ်တစ်လုံး လက်လုပ်ဗုံးနှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *