October 10, 2024

၁၁. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေး မှူးချုပ် တီဒရို့စ် အက်ဟာနွမ်က ဂါဇာကမ်းမြောင်ဒေသတွင် ယခုအခါဆယ်မိနစ်လျှင် ကလေးတစ်ဦးကျနှုန်းဖြင့် သေဆုံးလျက်ရှိကြောင်း၊ ဂါဇာမှာ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ နေထိုင်ရန်စိတ်ချရသော နေရာမဟုတ်တော့ကြောင်း နိုဝင်ဘာ ၁၀ ရက်က သတိပေးပြောကြားသွားခဲ့သည်။

တီဒရို့စ်က ဂါဇာရှိဆေးရုံ ၃၆ ရုံ၏ ထက်ဝက်ခန့်နှင့် အခြေခံကျန်းမာရေးဌာနများ၏ သုံးပုံနှစ်ပုံမှာ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့ကြောင်း၊ အချို့ဆိုလျှင်လည်း လုပ်ငန်းအတွက် ထောက်ပံ့မှုလုံးဝမရဖြစ်ကာ မိမိတို့ခြေထောက်များအပေါ်တွင်သာ ရပ်နိုင်အောင်ကြိုးပမ်းနေကြရကြောင်း ပြောခဲ့သည်။

၎င်းက “ဆေးရုံစင်္ကြန်တွေကိုကြည့်လိုက်မယ်ဆိုရင် ဒဏ်ရာရသူတွေ၊ နေမကောင်းနေသူတွေ၊ အခြေအနေ တော်တော်ဆိုးနေသူတွေနဲ့ ပြည့်ကျပ်နေတာပဲ။ ရင်ခွဲရုံတွေဆိုရင်လည်း အလောင်းတွေပြည့်လျှံနေကြတယ်။ မေ့ဆေးထုံဆေးလည်းမရှိတော့ ဆရာဝန်တွေလည်း ခွဲစိတ်မှုတွေကို အစိမ်းအတိုင်းပဲပြုလုပ်နေကြရတယ်။ ဒီထဲမှာဆေးရုံမှာလာရောက်ခိုလှုံနေတဲ့စစ်ဘေးရှောင်တွေက သောင်းနဲ့ချီပြီးရှိလိမ့်မယ်” ဟု ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-11_11-58-31.jpg

အစ္စရေးကလည်း ဂါဇာဒေသကို ချုပ်ကိုင်ထားသော ဟားမားစ်တို့ကို လုံးဝသုတ်သင်ရန် သန္နိဋ္ဌာန် ချမှတ် ဆောင်ရွက်နေသည်။ အောက်တိုဘာ ၇ ရက်မှစ၍ စစ်သွေးကြွဟားမားစ်တို့က လူ ၁,၂၀၀ ခန့်ကိုသတ်ဖြတ်ခဲ့ကြောင်းနှင့် ဓားစာခံ ၂၄၀ ကို ဖမ်းဆီးထားကြောင်းလည်းပြောခဲ့သည်။ ထို့ကြောင့် ယခုအခါ အစ္စရေးက ပြည်သူ ၂ ဒသမ ၃ သန်းခန့်နေထိုင်ရာ ဂါဇာဒေသကို လေကြောင်းနှင့်မြေပြင်မှတိုက်ခိုက်လျက်ရှိရာ နေ့စဉ်တိုက်ပွဲများအကြား ပါလက်စတိုင်းပြည်သူတို့သေဆုံးနေကြောင်း တီဒရို့စ်က ထပ်မံ ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာနှင့်အနောက်ဘက်ကမ်းဒေသတို့တွင် ကျန်းမာရေးဆိုင်ရာအဆောက်အအုံ ၂၅၀ တိုက်ခိုက်ခံခဲ့ရပြီး အစ္စရေးနိုင်ငံအတွင်းတွင်လည်း ၂၅ ခု တိုက်ခိုက်ခံခဲ့ရသည်။ အစ္စရေးဘက်က ဟားမားစ်တို့အနေဖြင့် ဆေးရုံများအောက်တွင်လိုဏ်ခေါင်းများ၌ ဟားမားစ်တို့က လက်နက်များသို လှောင်ထားကြောင်းစွပ်စွဲခဲ့ကြသော်လည်း ဟားမားစ်တို့က ငြင်းဆိုခဲ့သည်။

အစ္စရေး-ဟားမားစ် စစ်ပွဲစတင်ခဲ့သော အောက်တိုဘာ ၇ ရက်မှစ၍ ကလေးငယ်စုစုပေါင်း ၄,၃၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်ရာ ထိုအရေအတွက်က ၁၉၆၇ ခုနှစ်မှစ၍ ဂါဇာနှင့်အနောက်ဘက်ကမ်းတွင် သေဆုံးခဲ့ရသောပါလက်စတိုင်းကလေးငယ်များ၏ နှစ်ဆရှိကြောင်းလည်း သိရသည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *