October 30, 2024

MT News

Written by Nay Moe

၂၀၂၃ PR ရွေးကောက်ပွဲတွင် Electronic Voting ဖြင့်ပါ မဲပေးနိုင်ရေး ဥပဒေကိုပါ ပြင်ဆင်ဆောင်ရွက်နေကြောင်း SAC ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် နစက၏ ၂၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ရွေးကောက်ပွဲတွေမှာ မဲပေးမယ်ဆိုရင် ဘယ်လိုစနစ်တွေနဲ့ မဲပေးမလဲပေါ့။ ဒါနဲ့ပတ်သက်ရင် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုတွေ၊ မဲစာရင်းမှားယွင်းမှုတွေမဖြစ်အောင် အရေးကြီးတဲ့ ဥပဒေမူဘောင်တွေ ကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ Electronic Voting လို ခေတ်မီနည်းစနစ်တွေ။ တိကျတယ်။ လွယ်ကူတယ်။ ပြီးတော့ ပယ်မဲတွေမရှိဘူး။ အမှားအယွင်းလည်းနည်းတယ်။ ဒီလိုစနစ်တွေကိုလည်း လိုအပ်ရင်အသုံးပြုနိုင်အောင် ထည့်သွင်းရေးဆွဲထားတာရှိပါတယ်။ ဥပဒေကတော့ ထွက်မလာသေးပေမဲ့ ရေးဆွဲထားတာရှိပါတယ်။ Electronic Voting ကို အသုံးပြုတဲ့အခါမှာ ကျွန်တော်တို့တင်ပြသလိုပါပဲ။ ပယ်မဲလည်းမရှိဘူး။ လွယ်ကူတယ်။ တိကျတယ်။ မသမာမှုပြုလို့မရတာလည်းရှိတယ်။ ဒါကြောင့်မို့ ဒီစနစ်တွေကို သုံးချင်ရင်သုံးနိုင်အောင် ပြင်ဆင်စမ်းသပ်မှု လေ့လာမှုတွေ ဆောင်ရွက်နေတာလည်း ရှိပါတယ်”ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

ယခင်ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးခြင်း၊ မဲရုံသို့သွားရောက်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် Electronic Voting ဖြင့် မဲပေးခြင်းကိုပါ ဆောင်ရွက်နေကာ မည်သည့်စနစ်ကို မည်သို့လုပ်ဆောင်ရမည်ဆိုသည့် ဥပဒေများ၊ ထုတ်ပြန်ချက်များကို ထုတ်ပြန်မည်ဖြစ်သကဲ့သို့ လုံလောက်သည့်အချိန်ယူပြီး မဲဆန္ဒရှင်များ ပါတီများဖြင့်ပါ တွေ့ဆုံအတည်ပြုသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးက ဆက်လက်ပြောကြားသည်။

၂၀၂၃ ရွေးကောက်ပွဲကို ဖျက်ဆီးတိုက်ခိုက်ရန်နှင့် ဝင်ရောက်ယှဥ်ပြိုင်မည့်အမတ်လောင်းများကို တိုက်ခိုက်သတ်ဖြတ်နိုင်မှုများ ကြုံလာနိုင်သည့်အတွက် Closed List PR စနစ်ကို ကျင်းပလာခြင်းဖြစ်သည်။ ထိုသို့ ၂၀၂၃ PR ရွေးကောက်ပွဲအား Closed List PR စနစ်ဖြင့် ကျင်းပမည်ဖြစ်၍ မဲပေးမည့်ပြည်သူများသည် ယခင်ကဲ့သို့ လူကိုရွေးချယ်ခြင်းထက် ပါတီကိုသာရွေးချယ်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *